တည်နေရာ၊ နောက်ခံသမိုင်း

တည်နေရာ

ကုမုဒြာကြာပန်းဝိုင်းအနီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တည်ရှိပါသည်။ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Website address မှာ www.nlm-npt.gov.mm ဖြစ်ပါသည်။

စာကြည့်တိုက်အသုံးပြုချိန်

ဖွင့်ချိန် – နံနက် (၉:၃၀) နာရီ မှ ညနေ (၄:၃၀) နာရီ

တနင်္ဂနွေ၊ တနင်္လာနေ့များနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ပါသည်။

အမျိုးသားစာကြည့်တိုက်သမိုင်းအကျဉ်း

အမျိုးသားစာကြည့်တိုက်သည် ဘားနတ်စာကြည့်တိုက်မှစာစုကို အရင်းတည်၍ ဖွင့်လှစ် သော စာကြည့်တိုက်ဖြစ်သည်။ ၁၈၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂၁ရက်နေ့တွင် ဝန်ရှင်တော်မင်းကြီး ဆာချားအက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့် အောက်မြန်မာပြည် တရားပိုင်မင်းကြီး၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင် ဥက္ကဌဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့ကအမှူးပြု၍ “ဘားနတ်အခလွတ်စာကြည့်တိုက်” ကိုဖွင့်လှစ်ခဲ့ပါသည်။ ဘားနတ်အခလွတ် စာကြည့်တိုက်သည် မင်းကြီးအက်ဒွပ်ဘားနတ်ပိုင် စာအုပ်များနှင့် ၎င်းပိုင်အဆောက်အအုံ (ယခု အ-ထ-က(၁) လသာနေရာ)တွင် အစပြုခဲ့ပါသည်။ ဘားနတ်စာကြည့်တိုက်သို့ ပထမဆုံးအဖိုးတန်စာအုပ် စာတမ်းများ လှူဒါန်းသူများမှာ တရားပိုင်မင်းကြီးဆာဂျွန်ဂျာဒင်း၊ ပါဠိမောက္ခချိလဒါး (Professor Childers)၊ ဦးဖိုးမျှင်နှင့် ဦးမြို့တို့ဖြစ်ပါသည်။ ဦးဖိုးမျှင်နှင့် ဦးမြို့တို့က ငွေကျပ်တစ်သောင်းတန် ပေ၊ ပုရပိုက် များနှင့် စာအုပ်များကိုလှူဒါန်းခဲ့ပါသည်။ ၁၉၂၁ ခုနှစ်တွင် ကင်းဝန်မင်းကြီးပိဋကတ်တိုက်မှ ပေ၊ ပုရပိုက်၊ စာမူစာအုပ်အစုစုကို ငွေ ၁၅၀၀၀ ကျပ် ပေး၍လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပုဂံ ဝန်ထောက်မင်းဦးတင်၏ ပိဋကတ်တိုက်ကို ကျပ်ငွေ ၅၀၀၀ ပေး၍လည်းကောင်း ဝယ်ယူ ဖြည့်တင်း ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် ဘားနတ်စာကြည့်တိုက်မှာ စစ်ဒဏ်ကြောင့်ပရိဘောဂ များနှင့် စာအုပ်စာတမ်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ လွတ်လပ်ရေးရပြီးသောအခါ ၁၉၅၂ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟူသော အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသား စာကြည့်တိုက်သည် ပြောင်းရွေ့မှုအဆင့်ဆင့်ပြုလုပ်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။

အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကို ၂၀၁၀ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် နေပြည်တော် ကောင်စီ အထူးဖွံ့ဖြိုးရေးစီမံကိန်းအဖွဲ့က ပန္နက်တင်မင်္ဂလာပြုလုပ်၍ အုတ်မြစ်ချခဲ့ပြီး၊ ၂၀၁၃ ခုနှစ်၊ မေလ(၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။