အမျိုးသားဇာတ်ရုံ (မန္တလေး)

အမျိုးသားဇာတ်ရုံ (မန္တလေး) ၏ သမိုင်း

  • ရန်ကုန်မြို့တွင် အမျိုးသားဇာတ်ရုံ တည်ဆောက်သကဲ့သို့ အထက် မြန်မာပြည် မန္တလေးတွင်လည်း အမျိုးသားဇာတ်ရုံ တည်ဆောက်ရန် လိုအပ်မည်ဟု နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ၁၉၉၂ ခုနှစ်တွင် မန္တလေးမြို့၌ အမျိုးသားဇာတ်ရုံ  တည်ဆောက်ရေးလုပ်ငန်း   ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။
  • ဇာတ်ရုံအဆောက်အဦ အမျိုးအစားသည် သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပါသည်။ လုပ်ငန်း စတင်သည့်နေ့မှာ ၁.၁.၁၉၉၃ ရက်နေ့ ဖြစ်ပြီး၊ အမျိုးသား ဇာတ်ရုံဖွင့်ပွဲအခမ်းအနားကို ၁၆.၁၀.၁၉၉၉ ရက်နေ့တွင် ဖွင့်လှစ်ကျင်းပနိုင်ခဲ့ပါသည်။ အမျိုးသားဇာတ်ရုံ(မန္တလေး)သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲ(နေပြည်တော်)၏ ကြီးကြပ်မှု အောက်တွင် တည်ရှိပါသည်။
  • အမျိုးသားဇာတ်ရုံ(မန္တလေး)ကို ၁၉၉၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး မြေနေရာ အကျယ်အဝန်းမှာ အလျား ၅၅၃ ပေ နှင့် အနံ ၂၈၀ ပေ ရှိပြီး၊ ၃.၅၀ ဧက ကျယ်ဝန်းပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက် ၆၆လမ်း၊ ၂၀-၂၂ လမ်းကြားရှိ အနုပညာဦးစီးဌာနဝင်းအတွင်းတွင် တည်ရှိပါသည်။
  • အမျိုးသားဇာတ်ရုံ(မန္တလေး) သည် မြန်မာအင်ဂျင်နီယာ ဗိသုကာများ ပုံစံ ရေးဆွဲတည်ဆောက်ထားခြင်း ဖြစ်ပြီး  အလျား၂၅၆ ပေ၊ အနံ ၁၄၄ ပေ နှင့် အမြင့် ၆၈ ပေ ရှိပြီး မြေညီထပ်တွင် လူဦးရေ ၆၇၂ ဦး နှင့် အပေါ်ထပ်တွင် လူဉီးရေ ၄၃၇ ဦး၊ စုစုပေါင်း လူဉီးရေ ၁၁၀၉ ဦး ကြည့်ရှုနိုင်ပါသည်။

အမျိုးသားဇာတ်ရုံ (မန္တလေး)


အမျိုးသားဇာတ်ရုံ (မန္တလေး)တွင် ထားရှိသော သဘင်ပညာရှင်များ၏ ကြေးရုပ်ထုများနှင့် ကြေးရုပ်ထုသမိုင်းများ

နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ ကြေးရုပ်သမိုင်း

ရွာစားကြီး စိန်ဗေဒါ ကြေးရုပ်ကို မန္တလေးမြို့၊ အနုပညာ ကျောင်း ပန်းပုနည်းပြ ဦးကျော်ငြိမ်းနှင့် သား ဦးဝင်းမောင်တို့က  ထုလုပ်ခဲ့သည်။ ၁၉၆၉ ခုနှစ်မတ်လ တွင် စတင်၍ ၁၉၇၅ ခုနှစ် ဇန်နဝါရီလတွင် ပြီးစီး ခဲ့သည်။ ကြေးချိန်ပိဿာ ၃၅၀ (ကြေးနီ ၇၀% ၊ ခဲမဖြူ ၁၀% ၊ ခဲမဲ ၂၀%)ရှိပြီး ၁၁၅၆၈ ကျပ် ကုန်ကျခဲ့သည်။ ကြေးရုပ်ကို ပန်တျာ ကျောင်း ဝင်း အတွင်းထားရှိပြီး စိန်ဗေဒါ၏ အသက်(၁၀၀)ပြည့် မွေးနေ့ ၁၉၈၂ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြသည်။ ဖွင့်ပွဲ အခမ်းအနားကို သုံးညတိုင်တိုင် ကျင်းပခဲ့ပြီး ဆိုင်းအဖွဲ့ (၃၀)က ညစဉ် အလှည့်ကျ တီးမှုတ်ဂုဏ်ပြုခဲ့ကြသည်။ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းစိန်၏ လမ်းညွှန် ချက် ဖြင့် ယခုနေရာ အမျိုးသားဇာတ်ရုံ (မန္တလေး) အရှေ့မျက်နှာ စာ၌ ပြောင်းရွှေ့ ထားရှိခဲ့သည်။


နန်းတော်ရှေ့ ဆရာတင် ကြေးရုပ်သမိုင်း

နန်းတော်ရှေ့ ဆရာတင် ကြေးရုပ်ကိုယဉ်ကျေးမှုဝန်ကြီး ဌာနဝန်ကြီး ဦးဝင်းစိန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ တမ္ပဝတီရပ်နေ  ‘ပြည့်ဝ’ ကြေးသွန်းပညာရှင် ဦးလှမြင့်မှ သွန်းလုပ်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၀)ရက်  နေ့တွင် စတင်သွန်းလုပ်ခဲ့ရာ ၂၀၀၁ ခုနှစ် ဧပြီလ(၂၀) ရက်နေ့တွင် ပြီးစီးခဲ့သည်။ ကြေးနီပိဿာ(၃၀၀)နှင့် သွပ် ပိဿာ(၂၀၀)ရှိပြီး ငွေကျပ်(၁၈)သိန်း ကုန်ကျခဲ့သည်။ နန်းတော်ရှေ့ ဆရာတင် ကြေးရုပ်ကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းစိန်မှ ဖွင့်လှစ်ပေးခဲ့ သည်။


အလင်္ကာကျော်စွာဒေါ်စောမြအေးကြည် ကြေးရုပ်သမိုင်း

အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည် ကြေးရုပ်ကို ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးဦးတင်ဝင်း၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ တမ္ပဝတီရပ်နေ ‘ပြည့်ဝ’ကြေးသွန်း ပညာရှင် ဦးလှမြင့်မှ သွန်းလုပ်ခဲ့ သည်။ ၂၀၀၁ခုနှစ် ၊ အောက်တို ဘာလ(၇)ရက်နေ့တွင် စတင် သွန်းလုပ်ခဲ့ရာ၂၀၀၂ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် ပြီးစီးခဲ့သည်။ ကြေးနီပိဿာ(၃၀၀)နှင့် သွပ်ပိဿာ(၂၀၀) ရှိပြီး ငွေကျပ်(၁၈)သိန်း ကုန်ကျခဲ့သည်။ အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည် ကြေးရုပ် ကို(၂၀၀၂)ခုနှစ်ဩဂုတ်လ(၃၁)ရက်နေ့တွင် မန္တလေးတိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဉက္ကဌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဝင်းတို့က မော်ကွန်းစိုက်ထူပေးခဲ့သည်။


လေဘာတီမမြရင် ကြေးရုပ်သမိုင်း

လေဘာတီ မမြရင် ကြေးရုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဝင်း၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ တမ္ပဝတီရပ်နေ ‘ ပြည့်ဝ’ ကြေးသွန်းပညာရှင် ဦးလှမြင့်မှ သွန်းလုပ်ခဲ့သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ (၇)ရက် နေ့တွင် စတင် သွန်းလုပ်ခဲ့ရာ ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြီးစီးခဲ့သည်။ ကြေးနီပိဿာ (၃၀၀)နှင့် သွပ်ပိဿာ(၂၀၀)ရှိပြီး ငွေကျပ်(၁၈) သိန်း ကုန်ကျခဲ့သည်။

လေဘာတီ မမြရင်ကြေးရုပ်ကို(၂၀၀၂)ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် မန္တလေးတိုင်းအေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဉက္ကဌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲမြင့်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး  ဦးတင်ဝင်းတို့က  မော်ကွန်းစိုက်ထူ ပေးခဲ့သည်။


မြန်မာ့သဘင်ဉသျှောင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကြေးရုပ်သမိုင်း

မြန်မာ့သဘင်ဉသျှောင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ၏ ကြေးရုပ်ကို မန္တလေးမြို့၊ တမ္ပဝတီရပ်၊ ပန်းတဉ်းပညာရှင် ဦးဝင်းမောင်-ဒေါ်ညွန့်မေ သမီး မညွန့်ညွန့်ဝင်း အလုပ်ရုံ၌ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့တွင် စတင် ဆောင်ရွက်၍ ၂၀၁၄ ခုနှစ်၊ မေလ(၁၉)ရက်နေ့တွင် သွန်းလုပ် ပြီးစီးခဲ့သည်။ ကြေးနီပိဿာချိန် (၂၅၀)နှင့် သွပ်ပိဿာချိန် (၂၀၀)ရှိပြီး ငွေကျပ်(၇၀)သိန်း ကုန်ကျခဲ့သည်။ မော်ကွန်း ကျောက်စာများကို မန္တလေးမြို့ ဘုရားကြီး ကျောက် ဆစ်တန်း၊ ပန်းတမော့ ပညာရှင် (ဦးတော်တော်-ဒေါ်ဌေးဌေး) ၊ သားသမီး များ ကျောက်ဆစ်လုပ်ငန်းမှ ထုလုပ်ခဲ့သည်။ ရုပ်တု၏ အမြင့် မှာ (၆)ပေရှိပါသည်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ၏ ကြေးရုပ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ က မော်ကွန်းစိုက်ထူ  ဖွင့်လှစ်ပေးခဲ့သည်။


အမျိုးသားဇာတ်ရုံ (မန္တလေး) ငှားရမ်းခနှုန်းထားများ

အမျိုးသားဇာတ်ရုံ(မန္တလေး)၏ ငှားရမ်းခနှုန်းထားများကို အနုပညာဦးစီးဌာန ၏၂၃.၃.၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၈၄၇ / ခ-၇ /၂၀၁၆-၂၀၁၇ အရ အောက်ဖော်ပြပါအတိုင်း သတ်မှတ်ခဲ့ပါသည် –

(က)       ကြိုတင်ပြင်ဆင်ရက်                                                                                         (၈)နာရီ                 ၁၀၀၀၀၀ဝိ/-      

(ခ )        ကုမ္ပဏီများ၏ နှစ်ပတ်လည်အခမ်းအနားများ၊ အထိမ်းအမှတ်ပွဲများ၊ စာပေဟောပြောပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ အထိမ်းအမှတ် အခမ်းအနားများ                                            (၈)နာရီ                 ၂၀၀၀၀၀ဝိ/-                                                                                                     

အမျိုးသားဇာတ်ရုံ (မန္တလေး )၏ LED BOARD ငှားရမ်းခနှုန်းထားများကို အနုပညာဦးစီးဌာန၏ ၂၉.၃.၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၉၁၃ / ထ-၅ / ၂ /၂၀၁၆-၂၀၁၇ အရ အောက်ဖော်ပြပါအတိုင်း သတ်မှတ်ခဲ့ပါသည် –

(က)       1 Section                                                                                                      (၄)နာရီ                 ၈၀၀၀၀ဝိ/-         

(ခ )        အချိန်ပို                                                                                                         (၁)နာရီ                 ၂၀၀၀၀ဝိ/-