မြင်းစိုင်းမြို့ဟောင်း

မြင်းစိုင်းမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မှ အရှေ့တောင်ယွန်းယွန်း(၄)မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြို့ဟောင်းရာ(၃)ခုရှိပြီး တစ်ခုနှင့် တစ်ခု ထိစပ်လျက်ရှိပါသည်။ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်မှုအနေဖြင့် ၁၉၆၄ ခုနှစ်တွင် ဦးစိန်မောင်ဦးကလည်းကောင်း၊ ၁၉၆၅ ခုနှစ် တွင် ဦးမြင့်အောင်နှင့် ဒေါက်တာတီအိုမောရစ်နှင့် အဖွဲ့ကလည်းကောင်း၊ ဦးကျော်ဦးလွင် (သုတေသနအရာရှိ – ယခု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်)မှ ၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၉)တွင်လည်းကောင်း ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက်၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့ စက်တင်ဘာလ(၂)ရက်နေ့ထိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ တူးဖော်-ရှေးပစ္စည်း-ကမ္ပည်းကျောက်စာဌာနခွဲက မြင်းစိုင်းမြို့ဟောင်းအား ရှေးဟောင်း သုတေသနမြေပုံ GIS Map ရေးဆွဲနိုင်ရေးအတွက် Data အချက်အလက်များကို အသေးစိတ် ကွင်းဆင်းကောက်ယူ မှတ်တမ်းတင်ခဲ့သည်။

တူးဖော်သုတေသနပြုဆောင်ရွက်မှုအနေဖြင့် ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ် အဖြစ် MZI-1,2,3,4 ကိုလည်းကောင်း၊ ၁၉၉၇-၁၉၉၈ ဘဏ္ဍာရေးနှစ်တွင် ဒုတိယအကြိမ်ဖြင့် ကုန်းအမှတ်-MZI 5,6,7 ကိုလည်းကောင်း၊ ၁၉၉၈-၁၉၉၉ ဘဏ္ဍာရေးနှစ်တွင် တတိယအကြိမ်ဖြင့် နန်းတော်ရာနေရာကိုလည်းကောင်း တူးဖော်သုတေသနပြုဆောင်ရွက်ခဲ့ပါသည်။