စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ

စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ

အမျိုးသားစာကြည့်တိုက်သည် အမျိုးသားစာပေအမွေအနှစ်ကိုထိန်းသိမ်း၍ နောင်လာ နောင်သားများသို့ လက်ဆင့်ကမ်း သယ်ဆောင်ရန် တာဝန်ရှိသည်ဖြစ်ရာ စာကြည့်တိုက်ပိုင် စာအုပ် စာတမ်းများကို စာကြည့်တိုက်ပြင်ပသို့ သယ်ဆောင်သွားခွင့် မပြုပေ။ အဓိကအားဖြင့် စာဖတ်ခန်း များတွင် မည်သူမဆို လာရောက်၍ နိုင်ငံအတွင်း လတ်တလောထုတ်ဝေသည့် စာအုပ် စာတမ်း များကိုသာမက စာကြည့်တိုက်တွင် ထိန်းသိမ်းထားသော အခြားသောစာပေ ပစ္စည်းများကိုပါ အခမဲ့ ဖတ်ရှုကြည့်ရှုလေ့လာနိုင်ပါသည်။ အမျိုးသားစာကြည့်တိုက်၏ စည်းမျည်းစည်းကမ်းအရ ပြင်ပသို့ စာအုပ်ငှားရမ်းခြင်း မပြုပါ။ သို့ရာတွင် နိုင်ငံတော်လိုအပ်ချက်အရ ဝန်ကြီးဌာနများ၊ ဦးစီးဌာန များက မေတ္တာရပ်ခံလာပါက ပြည်ထောင်စုဝန်ကြီး (သို့) ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက် ဖြင့် အချိန်အကန့်အသတ်ဖြင့် ငှားရမ်းပေးရပါသည်။

အမျိုးသားစာကြည့်တိုက်သည် အောက်ပါစာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးပါသည် –

(က) စာဖတ်ခန်းဝန်ဆောင်မှုများ (Reading Room Service)

အထွေထွေစာဖတ်ခန်း(General Reading Room)တွင် လတ်တလော ထုတ်ဝေသည့် စာအုပ်၊ စာနယ်ဇင်းများ၊ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ်စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ ပေ၊ ပုရပိုက်နှင့် ပြည်တွင်းထုတ်မြန်မာစာအုပ်များ၊ မြန်မာနိုင်ငံအကြောင်း (Books on Myanmar) စာစုများ၊ စာနယ်ဇင်းများ၊ ကုလသမဂ္ဂနှင့်အာဆီယံစာစုများကို သက်ဆိုင်ရာ စာဖတ်ခန်း အသီးသီးတွင် ရယူဖတ်ရှုနိုင်စေခြင်းဖြင့် သုတေသီများ၊ ကျောင်းသူ၊ ကျောင်းသား များသာမက သတင်းအချက်အလက်ရှာဖွေသူမှန်သမျှကို ကူညီဝန်ဆောင်မှုပြုလျက်ရှိပါသည်။

(ခ) ရည်ညွှန်းလုပ်ငန်း (Reference Service)

အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသော စာပေ အမွေအနှစ်များဖြင့် ရည်ညွှန်းလုပ်ငန်းကို အဓိကဆောင်ရွက်သည့်အားလျော်စွာ စာအုပ်စာတမ်း များကို စာဖတ်ခန်းအတွင်း၌သာ ဖတ်ရှုခွင့်ပြုပြီး စာဖတ်သူများမှ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ သိလို၍မေးမြန်းလာသော မေးခွန်းများကိုလည်း ပြန်လည် ဖြေကြား ဝန်ဆောင်မှုပြုပါသည်။ အဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ ဌာနအကြီးအကဲများမှ သိလိုသော အချက်များကို ရည်ညွှန်းချက်နှင့့်တကွ ဖြေကြားပေးပါသည်။ ထို့ပြင် စာဖတ်သူဖတ်လိုသော အချက်အလက်များကို ရည်ညွှန်းကိုးကား အသုံးပြုနိုင်သည့် အသင့်သုံး ရည်ညွှန်းစာအုပ်များ၊ ပြည်တွင်းပြည်မှထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းစာစုများ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် စာပေ ဆိုင်ရာ မဟာဝိဇ္ဇာကျမ်းများနှင့် ဒီပလိုမာဘွဲ့ယူစာတမ်းများ၊ မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်မှ ထုတ်ဝေသောစာစုများ၊ ယဉ်ကျေးမှုစာစောင်၊ မြန်မာနိုင်ငံပြန်တမ်း၊ တပ်မတော်သမိုင်း၊ ဥပဒေနှင့်အမိန့်များစသည့် ရည်ညွှန်းကိုးကားအသုံးပြုနိုင်မည့် အထောက်အထားများအား အသုံးပြု၍ ကူညီရှာဖွေပေးခြင်းဖြင့် စာကြည့်တိုက်အသုံးပြုသူများ စိတ်ကျေနပ်မှု ရရှိစေရန် ဆောင်ရွက် ပေးပါသည်။

(ဂ) စာဖြန့်လုပ်ငန်းဝန်ဆောင်မှု

စာကြည့်တိုက်အသုံးပြုသူများအတွက် လိုအပ်သော အထောက်အထားမှတ်တမ်းတို့ကို အွန်လိုင်းကက်တလောက် (Online Public Access Catalogue) ကို အသုံးပြု၍အချိန်တို အတွင်း လျင်မြန်လွယ်ကူစွာရှာဖွေနိုင်ပါသည်။ အမျိုးသားစာကြည့်တိုက်၏ Website www.nlm-npt.gov.mm သို့ဝင်ရောက်၍လည်း စာကြည့်တိုက်ပိုင်စာစုများကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။

WiFi Free Internet Service ဖြင့်မည်သူမဆို လာရောက်အသုံးပြုနိုင်ပါသည်။ စာကြည့်တိုက်ဆိုင်ရာအချက်အလက်များနှင့် မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ရှာဖွေ အသုံးပြုနိုင်စေရန် စာရှာသူများအနေဖြင့်ကွန်ပျူတာ (၂၀) ဖြင့်တပြိုင်တည်းသုံးစွဲနိုင်ပါသည်။

စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် မိမိတို့ရှာဖွေကူးယူလိုသည့် အထောက်အထား များကို စာကြည့်တိုက်မှ သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ညွှန်ကြားရေးမှူး၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့်နှုန်းထားများအတိုင်း မိတ္တူကူးယူခြင်းနှင့် Scanning ပြုလုပ်၍ ရယူနိုင်ပါသည်။

ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းထားရှိမှု အခြေအနေ

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် ရန်ကုန်၊ မန္တလေး၊ တောင်တွင်းကြီး၊ ညောင်ရွှေ၊ ပျဉ်းမနား၊ မင်းကင်း၊ အမရပူရ၊ လယ်ဝေး၊ ကျောက်ပန်းတောင်း စသည့် အနယ်နယ်အရပ်ရပ်မှ လက်ခံရရှိသော ပေစာထုပ် (၁၂၈၅၇) ထုပ်နှင့် ပုရပိုက် (၈၄၇) ဆူ တို့ကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် စနစ်တကျ စုဆောင်းထိန်းသိမ်းထားရှိပါသည်။

ပေစာထုပ်များ၊ ပေကြိုးခွေများနှင့်
ပေထုတ်ပုဝါများကို လွှဲပြောင်း/
လက်ခံခဲ့မှု မှတ်တမ်းဓာတ်ပုံများ

စာပေပစ္စည်းပြုပြင်ထိန်းသိမ်းခြင်း

စာပေယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ အထောက်အထားမှတ်တမ်း တို့ကို ပြုပြင်ထိန်းသိမ်းရာတွင် မူလအခြေအနေထက်ဆိုးရွားစွာပျက်စီးမှု မဖြစ်အောင် တားဆီး ခြင်း၊ ဆိုးရွားပျက်စီးလာလျှင်လည်း ဆက်လက်ပျက်စီးမှုမဖြစ်စေရန် စာပေပစ္စည်း ပြုပြင် ထိန်းသိမ်းရေးနည်းစနစ်များ အသုံးပြု၍ အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပါသည်။

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင်စုဆောင်းထိန်းသိမ်းထားရှိသည့် တန်ဖိုး မဖြတ်နိုင်သော စာပေပစ္စည်းများအား Digital Form အဖြစ်ပြောင်းလဲပြီး e-Book, e-Periodical အဖြစ်လေ့လာဖတ်ရှုနိုင်ရန်အတွက် Digitized ပြုလုပ်ခြင်းကို ၂၀၁၃ ခုနှစ်က စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

ဒေါ်မြဦး

ညွှန်ကြားရေးမှူး၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

Email: mya.myanmar65@gmail.com

Tel: + 95-673418427