အလောင်းမင်းတရားကြီး၏ရွှေပေလွှာ

အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ဗြိတိန်ဘုရင်ဂျော့-၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် ပေးပို့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် သဝဏ်လွှာဖြစ်ပါ သည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်တင်သွင်းရန် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံဘက်သို့ သဘောထား တောင်းခံပြီး ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံ ပူးတွဲတင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ ဤရွှေပေလွှာကို ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wihelm Leibniz စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိပါသည်။ ရွှေပေလွှာသည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိပြီး အစွန်းနှစ်ဘက်ထိပ်တွင် ပတ္တမြား (၁၂)လုံးစီ စုစုပေါင်း (၂၄)လုံး တပ်ဆင်ထားပါသည်။ သဝဏ်လွှာ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော်ဟင်္သာပုံကို ဖောင်းကြွခတ်နှိပ်ထားသည်။ ရွှေပေလွှာတွင် စာကြောင်းရေ(၁၀)ကြောင်းပါရှိပါသည်။