မဟာလောကမာရဇိန်ဘုရား(ခေါ်) ကုသိုလ်တော်ကျောက်စာဘုရား

မန္တလေးမြို့ရှိ မဟာလောကမာရဇိန်ဘုရား (ခေါ်) ကုသိုလ်တော်ဘုရားကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းအဖြစ် သတ်မှတ်နိုင်ရေးအတွက် (၃၁.၈.၂၀၁၂)ရက်နေ့တွင် UNESCO သို့ တင်သွင်းခဲ့ပါသည်။ (၁၈.၆.၂၀၁၃)ရက်နေ့မှ (၂၁.၆. ၂၀၁၃) ရက်နေ့အထိ ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူး (Gwangju) မြို့၌ ပြုလုပ်သည့် ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဆိုင်ရာ အတိုင်ပင်ခံ နိုင်ငံတကာကော်မတီအဖွဲ့အစည်း၏ အကဲဖြတ်ထောက်ခံမှုဖြင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည်။ ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ် လူသိများထင်ရှားသည့် မဟာလောကမာရဇိန်ဘုရား(ခေါ်) ကုသိုလ်တော်ဘုရားကို ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးက စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောက်စာချပ်ပေါင်း (၇၂၉)ချပ်ရှိပြီး ဗုဒ္ဓပိဋကတ်တော်များ(သုတ္တန်၊ ဝိနယ၊ အဘိဓမ္မာ)ကို ကျောက်ထက်အက္ခရာ တင်ထားခြင်း ဖြစ်သည်။