၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ကျင်းပရေး

၂၇ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီအနေဖြင့် တာဝန်ယူပါဝင် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ်တွင် ဒုတိယအကြိမ်ကျွန်းဆွယ် အားကစားပြိုင်ပွဲ၊ ၁၉၆၉ ခုနှစ်တွင် ဆဌမအကြိမ် ကျွန်းဆွယ်အားကစား ပြိုင်ပွဲများကို လက်ခံကျင်းပခဲ့၍ ယခု (၄၄) နှစ်ကြာမှသာ ကျင်းပခွင့် ရရှိခဲ့ပါသည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများကို ၂၀၁၀ ခုနှစ်တွင် စီမံချက်များရေးဆွဲ ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မေလမှစတင်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ပါသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ဖျော်ဖြေရေးအစီအစဉ်များအတွက် စခန်းသွင်းလေ့ကျင့်မှုကို (၂၀၁၁) ခုနှစ်မှ စတင်၍ (၅)ကြိမ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့တွင် ပိတ်ပွဲ အခမ်း အနားကိုလည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကြိုတင် ပြင်ဆင် လေ့ကျင့်ရေးဆပ်ကော်မတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းခဲ့ပါသည်။ဆပ်ကော်မတီများအဖြစ်အုပ်ချုပ်ကွပ်ကဲမှုဆပ်ကော်မတီ၊ လေ့ကျင့်ရေးနှင့်ဖျော်ဖြေ တင်ဆက်ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ နည်းပညာအကူအညီ ပေးရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေးအထောက်အကူပြုဆပ်ကော်မတီ၊ စစ်ရေးပြဆပ်ကော်မတီ၊ တည်းခို နေရာချထားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဆက်သွယ်ဆက်ဆံရေးဆပ်ကော်မတီ ၁၂ ရပ်ကို ဖွဲ့စည်းခဲ့၍ အဆိုပါဆပ်ကော်မတီ ၁၂ ရပ်ကို အနီးကပ်အထောက်အကူပြုရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများပါဝင်သော လုပ်ငန်းအဖွဲ့ခွဲ (၁၅) ဖွဲ့ဖြစ်သော အုပ်ချုပ်ကွပ်ကဲမှု လုပ်ငန်းအဖွဲ့တွင် စီမံရေးရာအဖွဲ့ခွဲ၊ ဘဏ္ဍာရေးရာအဖွဲ့ခွဲ၊ သယ်ယူပို့ဆောင်ရေး အဖွဲ့ခွဲ၊ လုံခြုံရေးအဖွဲ့ခွဲ၊ ဆက်သွယ် ဆက်ဆံရေးအဖွဲ့ခွဲ၊ ပြန်ကြားရေးနှင့်မှတ်တမ်းပြုစုရေးအဖွဲ့ခွဲ၊ ကျန်းမာရေးအဖွဲ့ခွဲ၊ တည်းခိုရေးနှင့် လေ့ကျင့်ရေးကွင်းပြင်ဆင်ရေးအဖွဲ့ခွဲ၊ ဧည့်ခံကျွေးမွေးရေးအဖွဲ့ခွဲ၊ မီးရှူး၊မီးပန်းပစ်လွှတ်ရေး အဖွဲ့ခွဲများဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးနှင့်ဖျော်ဖြေတင်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် တေးဂီတ အဖွဲ့ခွဲ၊ ဝတ်စုံနှင့်ဒီဇိုင်းအဖွဲ့ခွဲ၊ အကတင်ဆက်မှုအဖွဲ့ခွဲ၊ မိတ်ကပ်လိမ်းခြယ်ရေးနှင့် ဆံပင်ဆင်ယင် ထုံးဖွဲ့ခွဲနှင့် အခမ်းအနားပြင်ဆင်ရေးအဖွဲ့ခွဲတွင် မီးအဖွဲ့ငယ်၊ အသံအဖွဲ့ငယ်၊ ဆက်တင်အဖွဲ့ငယ် တို့ဖြင့်လည်းကောင်း၊ စစ်ရေးပြလုပ်ငန်းအဖွဲ့ကိုလည်းကောင်း ထပ်မံတာဝန်ခွဲဝေဖွဲ့စည်း ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းအဖွဲ့များဖြင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၁.၁၂.၂၀၁၃ ရက်၊ ဗုဒ္ဓ ဟူးနေ့၊ ၁၈၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အစီအစဉ် (၁၉) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ကြာမြင့်ချိန်စုစုပေါင်း (၂) နာရီ၊ (၁၉) မိနစ်ကြာမြင့်ပါသည်။ ဖျော်ဖြေရေး အစီအစဉ်(၆) ခုကို အင်အား(၆၁၉၀) ဦးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားကို ၂၂.၁၂.၂၀၁၃ ရက်၊ တနင်္ဂနွေနေ့၊ ၁၈၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အစီအစဉ် ၁၆ ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ကြာမြင့်ချိန်စုစုပေါင်း ၂ နာရီ ၅၉ မိနစ်ကြာမြင့်ပါသည်။ ဖျော်ဖြေရေး အစီအစဉ် ၆ ခုကို အင်အား ၃၇၁၀ ဦးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။