စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ

စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ

အမျိုးသားစာကြည့်တိုက်သည် အမျိုးသားစာပေအမွေအနှစ်ကိုထိန်းသိမ်း၍ နောင်လာ နောင်သားများသို့ လက်ဆင့်ကမ်း သယ်ဆောင်ရန် တာဝန်ရှိသည်ဖြစ်ရာ စာကြည့်တိုက်ပိုင် စာအုပ် စာတမ်းများကို စာကြည့်တိုက်ပြင်ပသို့ သယ်ဆောင်သွားခွင့် မပြုပေ။ အဓိကအားဖြင့် စာဖတ်ခန်း များတွင် မည်သူမဆို လာရောက်၍ နိုင်ငံအတွင်း လတ်တလောထုတ်ဝေသည့် စာအုပ် စာတမ်း များကိုသာမက စာကြည့်တိုက်တွင် ထိန်းသိမ်းထားသော အခြားသောစာပေ ပစ္စည်းများကိုပါ အခမဲ့ ဖတ်ရှုကြည့်ရှုလေ့လာနိုင်ပါသည်။ အမျိုးသားစာကြည့်တိုက်၏ စည်းမျည်းစည်းကမ်းအရ ပြင်ပသို့ စာအုပ်ငှားရမ်းခြင်း မပြုပါ။ သို့ရာတွင် နိုင်ငံတော်လိုအပ်ချက်အရ ဝန်ကြီးဌာနများ၊ ဦးစီးဌာန များက မေတ္တာရပ်ခံလာပါက ပြည်ထောင်စုဝန်ကြီး (သို့) ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက် ဖြင့် အချိန်အကန့်အသတ်ဖြင့် ငှားရမ်းပေးရပါသည်။

အမျိုးသားစာကြည့်တိုက်သည် အောက်ပါစာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးပါသည် –

(က) စာဖတ်ခန်းဝန်ဆောင်မှုများ

အထွေထွေစာဖတ်ခန်း(General Reading Room ) တွင် လတ်တလော ထုတ်ဝေသည့် စာအုပ် စာနယ်ဇင်းများ၊ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ်စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ ပေ၊ ပုရပိုက်နှင့် ပြည်တွင်းထုတ် မြန်မာစာအုပ်များ၊ မြန်မာနိုင်ငံအကြောင်း (Books on Myanmar) စာစုများ၊ စာနယ်ဇင်းများ၊ ကုလသမဂ္ဂနှင့်အာဆီယံစာစုများကို သက်ဆိုင်ရာ စာဖတ်ခန်း အသီးသီး တွင် ရယူဖတ်ရှုနိုင်စေခြင်းဖြင့် သုတေသီများ၊ ကျောင်းသူ၊ ကျောင်းသားများသာမက သတင်း အချက်အလက်ရှာ ဖွေသူမှန်သမျှကို ကူညီဝန်ဆောင်မှုပြုလျက်ရှိပါသည်။

(ခ) ရည်ညွှန်းလုပ်ငန်း

အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသော စာပေ အမွေအနှစ်များဖြင့် ရည်ညွှန်းလုပ်ငန်းကို အဓိကဆောင်ရွက်သည့် အားလျော်စွာ စာအုပ်စာတမ်း များကို စာဖတ်ခန်းအတွင်း၌သာ ဖတ်ရှုခွင့်ပြုပြီး စာဖတ်သူများမှ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေသိလို၍ မေးမြန်းလာသော မေးခွန်းများကိုလည်း ပြန်လည်ဖြေကြား ဝန်ဆောင်မှုပြုပါသည်။ အဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ ဌာနအကြီးအကဲများမှ သိလိုသောအချက် များကို ရည်ညွှန်းချက်နှင့့်တကွဖြေကြားပေးပါသည်။ ထို့ပြင် စာဖတ်သူ ဖတ်လိုသော အချက်အလက် များကို ရည်ညွှန်းကိုးကား အသုံးပြုနိုင်သည့် အသင့်သုံး ရည်ညွှန်းစာအုပ်များ၊ ပြည်တွင်းပြည်မှ ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်း စာစုများ၊ ယဉ်ကျေးမှု၊ သမိုင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် စာပေဆိုင်ရာ ပါရဂူကျမ်းများ၊ မဟာဝိဇ္ဇာကျမ်းများနှင့် ဒီပလိုမာဘွဲ့ယူစာတမ်းများ၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်မှ ထုတ်ဝေသော စာစုများ၊ ယဉ်ကျေးမှုစာစောင်၊ မြန်မာနိုင်ငံပြန်တမ်း၊ တပ်မတော်သမိုင်း၊ဥပဒေနှင့်အမိန့်များစသည့် ရည်ညွှန်းကိုးကားအသုံးပြုနိုင်မည့် အထောက်အထား များအား အသုံးပြု၍ ကူညီ ရှာဖွေပေးခြင်းဖြင့် စာကြည့်တိုက်အသုံးပြုသူများစိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ပေးပါသည်။

(ဂ) စာစုလုပ်ငန်း (Acquisition)

စာစုလုပ်ငန်းဆိုသည်မှာ စာအုပ်၊ စာနယ်ဇင်း စသော ပုံနှိပ်စာအုပ်စာတမ်းများ၊ ပေ၊ ပုရပိုက်၊ လက်ရေး စာ၊ လက်နှိပ်စက်စာမူ၊ လက်ကမ်း စာစောင်၊ မြေပုံ၊မိုက်ကရိုဖလင်၊ ဂီတသင်္ကေတများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်ဖလင်များ၊ ဓာတ်ပြားများ၊ ဗွီဒီယိုနှင့် အသံသွင်းတိပ်ခွေများ၊ စာရွက်ဖလင်နှင့် အခြားပစ္စည်းများကို အသုံးပြု၍ မှတ်တမ်းပြုထားသော ပစ္စည်းများ၊ ၎င်းတို့ကိုပြန်လည် ထုတ်လုပ် ထားသော ပစ္စည်းများ အစရှိသည်တို့ ပါဝင်သည့် ပုံနှိပ်ထားခြင်း မဟုတ်သော စာပေအနုပညာပစ္စည်း များကို စာကြည့်တိုက်အတွက် နည်းလမ်းအသွယ်သွယ်ဖြင့် ရယူစုဆောင်းခြင်း၊ တိုးပွားအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ စာစုလုပ်ငန်းဆောင်ရွက်ချက်မှာ –

(က) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ
(ခ) ဌာန၏ရန်ပုံငွေဖြင့်ဝယ်ယူခြင်း
(ဂ) လှူဒါန်းမှုကိုလက်ခံခြင်း၊လက်ဆောင်ရရှိခြင်းနှင့်စာအုပ်လဲလှယ်ခြင်းနည်းလမ်းများ
ဖြင့် စာစုလုပ်ငန်းကိုဆောင်ရွက်လျက်ရှိပါသည်။

(ဃ) စာပြုလုပ်ငန်း (Data Processing)

စာပြုလုပ်ငန်းဆိုသည်မှာ စာကြည့်တိုက်ပိုင်စာပေပစ္စည်းများကို စာဖတ်သူတို့ အလွယ်တကူ ရှာဖွေနိုင်စေရန် နိုင်ငံတကာစာကြည့်တိုက်သုံး စည်းမျဉ်းများကို အသုံးပြု၍ ကက်တလောက်များ၊ အညွှန်းများပြုစုခြင်း လုပ်ငန်းဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ စာပြုလုပ်ငန်း ဆောင်ရွက်ချက်များမှာ စာကြည့်တိုက်သို့ ရောက်ရှိလာသည့် စာအုပ်၊ စာနယ်ဇင်း၊ လက်ရေးစာ စသည်များကို နိုင်ငံတကာ စာကြည့်တိုက်သုံး စည်းမျည်းစည်းကမ်းများနှင့်အညီ ကက်တလောက် စာရင်းပြုစုပါသည်။

အဓိကအသုံးပြုသော စာကြည့်တိုက်စည်းမျဉ်းများမှာ ကက်တလောက်လုပ်ငန်းအတွက် AACR-2 (Anglo American Cataloguing Rules Second Edition) မျိုးတူစုလုပ်ငန်းအတွက် Dewey Decimal Classification 23rd Edition၊ ပညာရပ်ခေါင်းစဉ်အတွက် Sear’s List of Subject Heading 19th Edition တို့ဖြစ်ပါသည်။

မြန်မာဘာသာစာအုပ်များအတွက် အထက်ပါစည်းမျဉ်းများကို အခြေခံကာ Sheet Catalogue ပြုစုပြီး Data Sheet Form များကို Solib Library Software တွင် ထည့်သွင်းထားရှိပါသည်။ အမျိုးသားစာကြည့်တိုက်ရှိ စာစုများအနက် ပြည်တွင်းထုတ်စာအုပ်များကို မျိုးတူစုအလိုက် စီစဉ်ထားရှိပါသည်။ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ် စာအုပ်စာတမ်းများ၊ ရှားပါးစာအုပ် စာနယ်ဇင်းများ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာနိုင်ငံအကြောင်းစာစုများ၊ နိုင်ငံခြား ဘာသာစာအုပ်စာတမ်းများ၊ အာဆီယံနိုင်ငံများဆိုင်ရာ စာစုများ၊ ကုလသမဂ္ဂဆိုင်ရာ စာစုများ၊ ဘွဲ့ယူကျမ်းများ၊ မြန်မာ နိုင်ငံပြန်တမ်းစသည်တို့ကို တိုက်ပိုင်အမှတ်စဉ်အလိုက်စီစဉ်ထားရှိပါသည်။

အလှုရှင်များမှ လှုဒါန်းသည့် ပေ၊ ပုရပိုက်များကိုပြုပြင်ထိန်းသိမ်းပြီး မြန်မာ့စာပေယဉ်ကျေး မှုအမွေ အနှစ်တစ်ရပ်အဖြစ် သီးခြားထိန်းသိမ်းထားရှိပါသည်။

(င) စာဖြန့်လုပ်ငန်း

စာကြည့်တိုက်အသုံးပြုသူများအတွက် လိုအပ်သော အထောက်အထား မှတ်တမ်းတို့ကို ကဒ်ပြား၊ ကက်တလောက် Electronic ကက်တလောက် (e-catalogue) ကို အသုံးပြု၍ အချိန်တို အတွင်း လျှင်မြန်လွယ်ကူ စွာရှာဖွေနိုင်ပါသည်။

WiFi Free Internet Service ဖြင့်မည်သူမဆို လာရောက်အသုံးပြုနိုင်ပါသည်။ မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို ကွန်ပျူတာဖြင့် ရှာဖွေအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထား ပါသည်။

စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် မိမိတို့ရှာဖွေကူးယူလိုသည့် အထောက်အထားများကို စာကြည့်တိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ညွှန်ကြားရေးမှူး၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့် နှူန်းထားများအတိုင်း မိတ္တူကူးယူခြင်းနှင့် Scanning ပြုလုပ်၍ ရယူနိုင်ပါသည်။

ပေ၊ ပုရပိုက်စုဆောင်းထိန်းသိမ်းရေးအဖွဲ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းရေးအဖွဲ့ကို (၂၃-၂-၂၀၁၇)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစာကြည့်တိုက်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ထိန်းသိမ်းထားသော ရှေးဟောင်းစာပေများဖြစ်သည့် ပေများ၊ ပုရပိုက်များကို စနစ်တကျ စာရင်းကောက်ယူ မှတ်တမ်းပြုစုခြင်း၊ စနစ်တကျထိန်းသိမ်းခြင်း ပညာများ ပြန့်ပွားခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး

စာပေယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ အထောက်အထားမှတ်တမ်း တို့ကို ပြုပြင်ထိန်းသိမ်းရာတွင် မူလအခြေအနေထက်ဆိုးရွားစွာပျက်စီးမှု မဖြစ်အောင် တားဆီးခြင်း၊ ဆိုးရွားပျက်စီးလာလျှင်လည်း ဆက်လက်ပျက်စီးမှုမဖြစ်စေရန် စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး နည်းစနစ်များ အသုံးပြု၍ အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်း လုပ်ငန်းကို ဆောင်ရွက် လျှက်ရှိပါသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် စုဆောင်းထိန်းသိမ်းထားရှိသည့် တန်ဖိုးမဖြတ်နိုင် သော စာပေပစ္စည်းများအား Digital Form အဖြစ် ပြောင်းလဲပြီး e-Book, e-Periodical အဖြစ် လေ့လာဖတ်ရှုနိုင်ရန်အတွက် Digitized ပြုလုပ်ခြင်းကို ၂၀၁၀ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက် ရှိပါသည်။