ထောက်မကုန်းကျောက်ခေတ်ဒေသ

      ထောက်မကုန်းဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုင်တောင်ကြီးကျေးရွာအနီးတွင် တည်ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနက ၁၉၆၉-၇၀ ဘဏ္ဍာရေးနှစ်နှင့် ၁၉၇၁-၇၂ ဘဏ္ဍာရေးနှစ်အတွင်း တူးဖော်သုတေ သန ပြုမှုများ ပြုလုပ်ခဲ့မှုကို နေရာ(၂)နေရာ ပြုလုပ်ခဲ့ပါသည်။ ပထမနေရာသည် ထောက်မကုန်း ၏ အစွန်းချောင်း ကမ်းဘေးအနီး အစပ်နေရာဖြစ်ပြီး ဒုတိယနေရာသည် ထောက်မကုန်း၏ အလယ်နေရာဖြစ်သည်။ ထောက်မကုန်း အမှတ်(၁) တွင် ရှေးဟောင်းကျောက်လက်နက် အနည်းငယ်နှင့် အိုးခြမ်းကွဲအများအပြား၊ တိရစ္ဆာန်အရိုးအများအပြား တွေ့ရှိခဲ့ပြီး ထောက်မကုန်း အမှတ်(၂)တွင် အိုးခြမ်းကွဲများ၊ ကျောက်လက်နက်များ၊ မြေကွင်းများ၊ ပုတီးစေ့များ၊ တိရစ္ဆာန် ရိုးများကို တွေ့ရှိခဲ့သည်။ ကျောက်လက်နက်များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း အမျိုး အစားခွဲခြားနိုင်ခဲ့သည်။

(၁) ပုဆိန်( Axe)
(၂) သပ် (Wedge)
(၃) ဆောက်( Chisel)
(၄) အမင်းတပ်လက်နက် (Shouldered celt)
(၅) ကျောက်ပြားကွင်း (Ringstone)