မြန်မာနိုင်ငံမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များ (Memory of the World)

အေမီဉာဏ်ဝင်း

ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (The United Nations Educational, Scientific and Cultural Organization-UNESCO) သည် ကမ္ဘာတစ်ဝှမ်းတွင် ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသတွင်းအဆင့်သာမက နိုင်ငံတကာကပါ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ကမ္ဘာ့အမွေအနှစ်များကို သတ်မှတ်ပေးလျက် ရှိပါသည်။ ထိုသို့သတ်မှတ်ရာတွင် UNESCO အဖွဲ့ဝင်နိုင်ငံ (၁၉၄) နိုင်ငံတွင်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အောက်ဖော်ပြပါအတိုင်း အပိုင်း (၃) ပိုင်းခွဲခြား၍ သတ်မှတ်ပေးလျက် ရှိပါသည် –

(က) ကမ္ဘာ့အမွေအနှစ် (World Heritage)
–    ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)
–    ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)။
–    ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော)။
(ခ) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (World Intangible Cultural Heritage)။
(ဂ) ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World)။

ကမ္ဘာ့အမွေအနှစ် (World Heritage) ဆိုသည်မှာ နောင်လာနောက်သားများ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးကြီးသောနေရာများကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ ထိုသို့သတ်မှတ်ရာတွင် ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) အတွက် စံသတ်မှတ်ချက် (၆) ခုရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် စာရင်းတင်သွင်းထားသောဒေသ သို့မဟုတ် နေရာသည် လူသားအားလုံးအသိအမှတ်ပြုနိုင်သော တန်ဖိုးရှိရန်လိုအပ်သကဲ့သို့ သတ်မှတ်ထားသော စံနှုန်းများနှင့်လည်း အနည်းဆုံးတစ်ချက်ကိုက်ညီရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံရှိ Great Wall၊ အိန္ဒိယနိုင်ငံရှိ Taj Mahal၊ မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း (၃) မြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ တို့ကဲ့သို့သော  ကြီးမားသော အဆောက် အအုံများ၊ ကျယ်ဝန်းသော အမွေအနှစ်နေရာဒေသများစသည်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု)များအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် (၄) ခုရှိပြီး အနည်းဆုံး စံသတ်မှတ်ချက် (၁) ချက်နှင့် ကိုက်ညီရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံရှိ Kaeng Krachan Forest Complex၊ ဗီယက်နမ်နိုင်ငံ ရှိ Ha Long Bay စသည်တို့ကဲ့သို့သော အမွေအနှစ်များမှာ ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) များဖြစ်ကြပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝရောနှောအမွေအနှစ် (Mixed Heritage) အတွက် ကမ္ဘာ့အမွေအနှစ် (ယဉ်ကျေးမှု)၏ စံနှုန်းသတ်မှတ်ချက်တစ်ချက်နှင့် ကမ္ဘာ့အမွေအနှစ် (သဘာဝ)၏ စံနှုန်း သတ်မှတ်ချက်တစ်ချက် စုစုပေါင်းနှစ်ချက်နှင့်ကိုက်ညီပါက ကမ္ဘာ့အမွေအနှစ် စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှာ) ဟု သတ်မှတ်ပါသည်။ UNESCO အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) (၈၉၇) ခု၊ ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) (၂၁၈) ခုနှင့် ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော) (၃၉) ခု စုစုပေါင်း ကမ္ဘာ့အမွေအနှစ်စာရင်း (၁၁၅၄) ခုထိ သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) ဆိုသည်မှာ အဖွဲ့စည်းများ၊ အုပ်စုများနှင့် အချို့သော ကိစ္စရပ်များတွင် တစ်ဦးချင်းစီအထိ ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပြီး ထုံးဓလေ့များ၊ ကိုယ်စားပြုချက် များ၊ ဖော်ပြချက်များ၊ ဗဟုသုတစွမ်းရည်များသာမက ၎င်းတို့နှင့်ဆက်နွယ်သည့် ပစ္စည်းကိရိယာ များ၊ အရာဝတ္ထုများ၊ ဝတ္ထုပစ္စည်များနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများကို ဆိုလိုခြင်းဖြစ်သည်။ ဒြပ်မဲ့ ယဉ်ကျေးမှုတွင် လူသားတို့ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်၊ လက်မှု အနုပညာနှင့် အနုသုခုမပညာစသည်တို့ ပေါင်းခြုံထားခြင်းပင် ဖြစ်ပါသည်။ UNESCO အနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ သက်ရောက်မှုကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ အလျင်အမြန် ပျက်စီးပျောက်ကွယ်လာပါသဖြင့် ကမ္ဘာ့သက်ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရန် အတွက်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အယူအဆကို ကျယ်ပြန့်စေရန် အတွက် လည်းကောင်း (၁) Representative List of the Intangible Cultural Heritage Humanity၊ (၂ ) List of the Intangible Cultural Heritage in Need of Urgent Safeguarding နှင့် (၃) Register of Good Safeguarding Practices ဟူ၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (၃) မျိုးကို နှစ်စဉ်သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ၂၀၀၈ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် (၆၇၈) ခုကို သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World – MoW) ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဘိုးမဖြတ်နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီ ကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ စသည်တို့ပါဝင်ပြီး မှတ်တမ်းများကို အဓိကထား သတ်မှတ်ခြင်း ဖြစ်ပါ သည်။

ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း (The United Nations Educational, Scientific and Cultural Organization-UNESCO) သည် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (MoW) အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၉၇ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်အထိ မှတ်တမ်း အမွေအနှစ်ပေါင်း (၅၂၇) ခုအား ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) (၅) ခု၊ ကမ္ဘောဒီးယား နိုင်ငံတွင် (၁) ခု၊ တရုတ်နိုင်ငံမှ (၁၃) ခုနှင့် အိန္ဒိယနိုင်ငံတွင် (၉) ခုကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ် မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။ 

ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) အစီအစဉ်တွင် နိုင်ငံတကာအဆင့်၊ ဒေသတွင်း အဆင့်နှင့် အမျိုးသားအဆင့်ဟူ၍ (၃) မျိုးရှိပြီး မှတ်တမ်းအမွေအနှစ်၏ အရေးပါမှုအပေါ် မူတည်ပြီး သက်ဆိုင်ရာအဆင့်များကို အမည်စာရင်း တင်သွင်းနိုင်ပါသည်။ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (MoW) အစီအစဉ်၏ ရည်ရွယ်ချက်မှာ လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ နေရာဒေသအသီးသီးတွင် ရှိနေသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များကို ကာကွယ်စောင့်ရှောက် ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာ ဆိုင်ရာ အဆင့်များတွင် မှတ်တမ်းအမွေအနှစ်များအား သိမြင်အလေးထားမှုမြှင့်တင်ရန်နှင့် အပြန်အလှန် အလေးထားမှု ရှိစေရန်၊ အထူးသဖြင့် ပဋိပက္ခ သို့မဟုတ် သဘာဝဘေးဒဏ်သင့် ဒေသများ၌ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် လွယ်ကူ ချောမွေ့စေရန်၊ လူအများကြားတွင် မှတ်တမ်းအမွေအနှစ်များ၏ အရေးပါသော အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလာ စေရန်နှင့် ၎င်းတို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီ အထောက်အပံ့ ပေးရေးတို့ကို ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။           

ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်ဖြစ်ရန်အတွက် သတ်မှတ်ထားသော စံသတ်မှတ် ချက် (Criteria) (၃) ချက်ရှိပြီး အဆိုပါ စံသတ်မှတ်ချက် (Criteria) (၃) ချက်ထဲမှ (၁) ချက်နှင့် ကိုက်ညီလျင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ပါသည်။ ၎င်းစံသတ်မှတ်ချက် (၃) ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် –

(က) သမိုင်းကြောင်းဆိုင်ရာ အရေးပါမှု (Historic Significance)။
(ခ) အနုသုခုမဆိုင်ရာ အရေးပါမှု (Aesthetic Significance)။
(ဂ) လူမှုအသိုက်အဝန်းဆိုင်ရာ အရေးပါမှု(Community Significance)။

UNESCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမည်စာရင်းတင်သွင်းရာတွင် နှစ်နှစ်လျှင် တစ်ကြိမ် မှတ်တမ်းအမွေအနှစ် (၂) ခုအထိ တင်သွင်းနိုင်ပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီသော မှတ်တမ်း အမွေအနှစ်များကို တင်သွင်းသည့်အခါတွင်လည်း သတ်မှတ် ထားသော လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်ပြီး ကော်မတီ နှစ်ပတ်လည် အစည်းအဝေးတွင် အောက်ဖော်ပြပါ အတိုင်း သတ်မှတ်ပါသည် –

(က) ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း (INSCRIPTION)။
(ခ) အကိုးအကားများဖြင့် ပြန်လည်တင်ပြရန် (REFER AND RESUBMIT)။
(ဂ) ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် ယာယီသတ်မှတ်ခြင်း (PROVISIONAL INSCRIPTION)။
(ဃ) ငြင်းပယ်ခြင်း (REJECTION)။

၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မှတ်တမ်းအမွေအနှစ် (၆) ခု ကို ကနဦး အဆိုပြုစာရင်း (Tentative List) အဖြစ်တင်သွင်းခဲ့ပါသည်။ ယင်းတို့မှာ –

(က) မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ်တော်ကျောက်စာ။
(ခ) မြစေတီကျောက်စာ သို့မဟုတ် ရာဇကုမာရ်ကျောက်စာ။
(ဂ) ဟန်လင်းပျူကျောက်စာ။
(ဃ)ပြည်ရွှေဆံတော်ဘုရားကျောက်စာ။
(င) သထုံမွန်ကျောက်စာ။
(စ) ဓမ္မစေတီမင်း မွန်ကျောက်စာ။

ကနဦးအဆိုပြုစာရင်း (Tentative List) (၆) ခုအနက်မှ မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ်တော် ကျောက်စာ၊ မြစေတီကျောက်စာအပြင် ရွှေပေလွှာနှင့် ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာတို့မှာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါသည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (၅၂၇) ခုထဲတွင် အောက်ပါမြန်မာနိုင်ငံရှိ မှတ်တမ်း အမွေအနှစ် (၄) ခုကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) အဖြစ် မှတ်တမ်းတင်ထားရှိခံရပြီး ဖြစ်ပါသည် –

(က) မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ်တော်ကျောက်စာ (၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးတွင် ပြုလုပ်ကျင်းပ ခဲ့သည့် (၁၁) ကြိမ်မြောက် အစည်းအဝေး၌ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်)။
(ခ) မြန်မာဘုရင် အလောင်းဘုရားမှ ဗြိတိသျှဘုရင် ဂျော့ချ်ဘုရင် (၂) ထံသို့ ပေးပို့သော ရွှေပေလွှာ (၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီနိုင်ငံတွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ် ခဲ့သည်။ ဤရွှေပေလွှာကို မြန်မာနိုင်၊ ဂျာမနီနိုင်ငံနှင့် ဗြိတိန်တို့ ပူးတွဲတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wihelm Leibniz စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိပါသည်)။
(ဂ) မြစေတီ (ရာဇကုမာရ်) ကျောက်စာ (၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီနိုင်ငံတွင် ကျင်းပ သည့် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်) ။
(ဃ)ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာ (၂၀၁၆ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အာရှ-ပစိဖိတ် ကော်မတီ အစည်းအဝေးတွင် ဒေသတွင်းမှတ်တမ်းအမွေအနှစ် အဖြစ်သတ်မှတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ကျင်းပသည့် (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်)။

ထို့ပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးတွင်ရှိသော အေဒီ ၇၂၉ ခု ရခိုင်ဝေသာလီမင်း ရေးထိုးခဲ့သည့် အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့မှာလည်း ၂၀၁၈ ခုနှစ်၊ မေလ၊ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက် နေ့အထိ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့၌ ပြုလုပ်ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မှတ်တမ်း အမွေအနှစ်များဆိုင်ရာ အာရှ-ပစိဖိတ် ကော်မတီအစည်းအဝေးတွင် ဒေသတွင်းမှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်ပါသည်။

  မြန်မာနိုင်ငံရှိ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) စာရင်းဝင် (၄) ခုနှင့် အာရှ-ပစိဖိတ် ဒေသတွင်းမှတ်တမ်းအမွေအနှစ်ဖြစ်သော အာနန္ဒစန္ဒြမင်းကျောက်စာအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက UNESCO သို့ အဆိုပြုအမည်စာရင်းတင်သွင်းခြင်းဖြစ်ပြီး မြဂနိုင် ရုပ်ရှင်မှာမူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Save Myanmar Flim တို့ ပူးပေါင်း၍ တင်သွင်းခြင်းဖြစ်ပါသည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသော်လည်း အခြားသော အဖွဲ့အစည်းများကသော်လည်းကောင်း၊ ပုဂ္ဂလိက ကသော် လည်းကောင်း အဆိုပြုအမည်စာရင်းကို တင်သွင်း၍ မိမိတို့မြန်မာနိုင်ငံရှိ မှတ်တမ်းအမွေအနှစ် များကို ကမ္ဘာကသိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ပါသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် မိမိတို့နိုင်ငံရှိ များပြားပြီး ထူးခြားအနှစ်သာရရှိသည့် မှတ်တမ်းအမွေအနှစ်များကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဖြစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့အမွေအနှစ်များကို ကမ္ဘာကသိရှိနိုင်ရေးနှင့် ဒေသတွင်း နိုင်ငံများနှင့်တန်းတူ ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရန် လိုအပ်ပါသည်။   

  အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းအမွေအနှစ်များကို ယူနက်စကို (UNESCO) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (MoW) သို့ တင်သွင်း၍ မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းအမွေအနှစ်များ ရေရှည်တည်တံ့စေရန်နှင့် တိုးတက်စေရန်အတွက် အဆိုပြုစီမံကိန်း (Project Proposal) များ တင်သွင်းပြီး အထောက်အပံ့ (Funding) ကို ယူနက်စကို (UNESCO) အဖွဲ့သို့ လျှောက်ထားနိုင်ပါသည်။ ၎င်းအထောက်အပံ့ဖြင့် မှတ်တမ်း အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်နိုင်မည့်အပြင် စာရင်းဝင်ဖြစ် လာပါကလည်း ကမ္ဘာ့အလယ်တွင် မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည် နှင့်အမျှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။  မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံရှိ ကျောက်စာ၊ လက်ရေးစာများ၊ တန်ဘိုး မဖြတ် နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီ ကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ စသည့် မှတ်တမ်းအမွေအနှစ်များကို နောင်မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းလွှဲပြောင်းပေး နိုင်ရန်အတွက် မြန်မာ့မှတ်တမ်းအမွေအနှစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပါသည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ပါက မိမိတို့ နိုင်ငံ၏ မှတ်တမ်းအမွေအနှစ်များကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရှင်များ၏ ပူးပေါင်း စောင့်ရှောက်မှုကို ရရှိစေမည့်အပြင် UNESCO နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်း၊ UNESCO အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင် မည်ဖြစ်ပါသဖြင့် မိမိတို့နိုင်ငံ၏ မြောက်မြားလှစွာသော အမျိုးသားမှတ်တမ်းအမွေအနှစ်များကို သက်ဆိုင်ရာဌာနများနှင့်အတူ မြန်မာနိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်ကာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြပါရန် နှိုးဆော် တင်ပြလိုက်ရပါသည်။

1 Comment

Comments are closed.