အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကိုဂုဏ်ပြုပါ၏။

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆိုတာ ဘာလဲ။

            အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီ(ICOM) သည် ၁၉၇၇ခုနှစ်မှစတင်၍ နှစ်စဉ် မေလ (၁၈)ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် နိုင်ငံတကာပြတိုက် အသိုက်အဝန်းအချင်းချင်း ပူးပေါင်းစုစည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် ထူးခြားသောအခိုက်အတန့်ကို ကိုယ်စားပြုသည့် အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ International Museum Day (IMD)  ကိုကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ် မေလ (၁၈)ရက်နေ့တွင်  ၄၇ နှစ် တိုင်ခဲ့ပြီဖြစ်ပေသည်။ International Museum Day သည် International Council of Museums (ICOM) မှ ကြီးမှူး ကျင်းပသော ပွဲတစ်ခုဖြစ်ပြီး  ၁၉၇၇ခုနှစ်တွင်တရားဝင် စတင်ခဲ့သော်လည်း ၁၉၅၁ခုနှစ် တွင် Crusade for Museums ဟုခေါ်သောအစည်းအဝေးတစ်ခုမှအစပြုခဲ့ပေသည်။ အဆိုပါပွဲသည် နှစ်စဉ်ပြောင်းလဲနေသော အကြောင်းအရာ ဆောင်ပုဒ် (Theme) တစ်ခုကို မီးမောင်းထိုးပြထားပြီး ၎င်းအချက်သည် နိုင်ငံတကာပြတိုက် အသိုင်းအဝိုင်း၏ အလေးထားမှု ဗဟိုချက်ပင်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့သည် ပြတိုက်ပညာရှင်များကို အများပြည်သူ နှင့် တွေ့ဆုံစေပြီး ပြတိုက်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သတိပေးရန် အခွင့်အလမ်းကောင်း များ ပေးပေသည်။

            ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့သည် ယနေ့ လူသားမျိုးနွယ်နှင့် ၎င်း၏ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြတိုက်များ ပါဝင်နေမှုနှင့် ပတ်သက်၍ အများ ပြည်သူ သိရှိစေရန် ဗဟိုစင်မြင့်တစ်ခုအဖြစ် ဆောင်ရွက်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို စတင်ကျင်းပချိန်မှစ၍ တဖြည်းဖြည်းပိုမိုရေပန်းစားလာခဲ့ပြီး ၂၀၀၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို နိုင်ငံပေါင်း ၉၀ ကျော်ရှိ ပြတိုက်ပေါင်း ၂၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း၁၂၉ကျော် မှပြတိုက်အရေအတွက်၃၀၀၀ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ကျင်းပပြုလုပ်သည့် ပြတိုက်များ ပိုမိုများပြားလာခဲ့ရာ  ပြီးခဲ့သည့်နှစ် က နိုင်ငံပေါင်း ၁၅၈နိုင်ငံ ရှိ ပြတိုက်ပေါင်း ၃၇၀၀၀ ကျော်ပူးပေါင်း ပါဝင်ကျင်းပခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်ီ(ICOM)မှ ဖွင့်ဆိုထားသောပြတိုက်၏အဓိပ္ပါယ်မှာ  –                                        

            ၂၀၀၇ခုနှစ် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပသည့် (ICOM)၏ ၂၂ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးတွင် ပြတိုက်အဓိပ္ပါယ်ကို-

ပြတိုက်ဟူသည် အကျိုးအမြတ်မယူသော၊ လူ့အဖွဲ့အစည်းနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဝန်ဆောင်မှု ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အများသူငှာ ပွင့်လင်းမြင်သာထင်သာရှိ၍ ထိတွေ့နိုင်သောနှင့် မထိတွေ့နိုင်သော အမွေအနှစ်များကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသနပြုခြင်း၊ ဆက်သွယ် ပြသခြင်း၊  ပညာရေး၊ လေ့လာမှုနှင့် ပျော်ရွှင်မှုစသည့် ရည်ရွယ်ချက်များအတွက် အမြဲတမ်း ဖွင့်လှစ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တနည်းဆိုရသော် –

“ပြတိုက်ဆိုသည်မှာ လူမှုအဖွဲ့အစည်းနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူနှင့်လူ့ပတ်ဝန်းကျင်ဆိုင်ရာ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသနပြုခြင်း၊ ဘာသာပြန်ဆိုခြင်း၊ ပြည်သူလူထုနှင့် ပေါင်းကူး ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ခင်းကျင်းပြသခြင်း ၊ပြည်သူလူထုအား ပညာပေးခြင်း၊ ပြည်သူလူထု စိတ်ပျော်ရွှင်ချမ်းမြေ့စွာ လာရောက် လေ့လာနိုင်ရန် ရည်ရွယ်၍ အကျိုးအမြတ်မယူသော ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ပြသသည့် လူ့အဖွဲ့အစည်း၏ ဝန်ဆောင်မှုပေးသည့် အမြဲတမ်း ဖွင့်လှစ်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။”

၂၀၂၂  ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ချက်သမ္မတနိုင်ငံ ပရာဂ်မြို့တွင် ကျင်းပသည့်(ICOM)၏ ၂၆ ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှ ပြတိုက်ပညာရှင်ပေါင်း ၁၀၀ ကျော် ၁၈လကြာ ဆွေးနွေးပြီး မဲပေးစနစ်ဖြင့် ဖွင့်ဆိုခဲ့သည့် ပြတိုက်၏ အဓိပ္ပါယ်မှာ -“ပြတိုက်ဆိုသည်မှာ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသနပြုခြင်း၊ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ရှင်းလင်းတင်ပြခြင်း စသည်တို့ကို အကျိုးအမြတ်မယူဘဲ ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးနေသည့် အမြဲတမ်းဖွင့်လှစ်ပြသသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ပြတိုက်မများ သည် မတူကွဲပြားမှုနှင့် ရေရှည်တည်တံ့မှုကို ထိန်းသိမ်းဖော်ဆောင်ကာ အများပြည်သူအားလုံး ပါဝင်နိုင်ပြီး အလွယ်တကူဝင်ရောက်အသုံးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ပြတိုက်များသည် ပြည်သူ လူထုအား ပညာပေးရန်၊ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်၊ အတိတ်ကာလမှ လူသားတို့၏ ယဉ်ကျေးမှုများကို ပြန်လည်သိမြင်နိုင်ကြစေရန်နှင့် အသိပညာဗဟုသုတ မျှဝေရန်တို့အတွက် ရသမျိုးစုံပေးကာ လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကျင့်ဝတ်အရသော်လည်းကောင်း၊ ပညာရပ်ဆိုင်ရာအရသော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။”

 အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD) ၏ ရည်ရွယ်ချက်

            အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD) ၏ ရည်ရွယ်ချက်မှာ နိုင်ငံတစ်နိုင်ငံရှိ ပြတိုက်များ သည် ယဉ်ကျေးမှုဖလှယ်ရေး၊ ယဉ်ကျေးမှုများ တည်တံ့ကြွယ်ဝစေရေးနှင့် ပြည်သူလူထုအချင်းချင်း နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်စဉ် မေလ ၁၈ရက်နေ့ သို့မဟုတ် ဤနေ့ဝန်းကျင်တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ကျင်းပပါသည်။ အဆိုပါပွဲသည် လူ့အဖွဲ့အစည်းအတွင်း ပြတိုက်များ ၏ အရေးပါမှုကို အလေးပေးဖော်ပြသော ပြတိုက်များ နှစ်စဉ်ကျင်းပသည့် အခမ်းအနားဖြစ်သည်။  နှစ်စဉ်ပြုလုပ်နေကျ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ သည် ပြတိုက်များ၏ စိတ်ဝင်စားဖွယ် တီထွင်ဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများမှတစ်ဆင့် လူအများ လာရောက်ကြည့်ရှုမှုနှင့် ပြတိုက်များကို    တန်ဖိုးထားမှု တိုးပွားစေရန် ရည်ရွယ်ပါသည်။  ပြတိုက်များ သည် အရေးကြီးသည်ဟု ယူဆရသည့် အကြောင်းအရာများ သို့မဟုတ် ပြဿနာများအတွက် ပြည်သူလူထုကို အသိပညာမြှင့်တင်ရန် ပလက်ဖောင်းတစ်ခုအဖြစ်လည်း ပံ့ပိုးပေးပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့ဆိုတာ ဘယ်အချိန်မှာကျင်းပလဲ။ ဘာကြောင့်ကျင်းပလဲ။ ဘယ်လို ကျင်းပပါသလဲ။

            အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ကိုနှစ်စဉ် မေလ (၁၈)ရက်နေ့တွင် ကျင်းပပြီးကမ္ဘာပေါ်ရှိ ပြတိုက်များ၏ ထူးခြားသည့်အခမ်းအနား ဖြစ်သည်။  အဆိုပါပွဲကို  အဖိုးမဖြတ်နိုင်သည့် သဘာဝ အမွေအနှစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ် ပြတိုက်ပစ္စည်းများကို သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ပြတိုက်ပညာရပ်ဆိုင်ရာမျှဝေခြင်းနှင့် ပြတိုက်လုပ်ငန်းဆောင်တာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို တွန်းအားပေးရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။

            ဤနေ့တွင် ပါဝင်ဆင်နွဲသော ပြတိုက်များသည် နှစ်စဉ် မတူညီသော ဆောင်ပုဒ်နှင့်အညီ ပွဲတော်များနှင့် ပြပွဲများကို စီစဉ်ပေးပါသည်။  ပြတိုက်လှုပ်ရှားမှုဆိုင်ရာအထူးပြပွဲများနှင့် ပြတိုက် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ လှုပ်ရှားမှုများ ၊ပြပွဲများကို တစ်ရက်၊ သို့မဟုတ် ရက်သတ္တတစ်ပတ်လုံး ပြုလုပ်ကြပေသည်။အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အတွက် အခမ်းအနားများနှင့် လှုပ်ရှားမှုများသည် ကမ္ဘာအနှံ့ ကွဲပြားကြပေရာ ယခင်နှစ်များက  နိုင်ငံအများအပြားတွင် ပြတိုက်များကို ညဘက် ဖွင့်လှစ်ပြသခြင်း ၊ကျောင်းသားများအား ပြတိုက်လေ့လာရေးခရီးစဉ်များကို ဖန်တီးပေးခြင်း၊ ကဗျာ ရွတ်ဆိုခြင်းနှင့် ကပွဲများ ၊ ဂီတပွဲတော်များကျင်းပခြင်း ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြိုင်ပွဲများ ပြုလုပ် ကြပါသည်။

၂၀၂၃ခုနှစ်မေလ ၁၈ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ်

            အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ(ICOM)သည် ၁၉၉၂ ခုနှစ်မှစတင်၍ အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ်ကို နှစ်စဉ်သတ်မှတ်ပေးခဲ့ရာ ၂၀၂၃ခုနှစ် မေလ ၁၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ်မှာ“ Museums, Sustainability and Well-Being” ဖြစ်ပီး မြန်မာဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုရာ “ကျန်းမာပျော်ရွှင် လူ့ဘောင်တခွင်၊ စဉ်ဆက်မပြတ် တည်တံ့ရေး၊ ပြတိုက်များက စွမ်းဆောင်ပေး” ဖြစ်ပေသည်။  အဆိုပါဆောင်ပုဒ်သည် UN’s Sustainable Development Goals ၁၇ ချက်အနက် (SDG- 3 ; Health and Well – Being နှင့် SDG-13 ; Climate Action , SDG – 15 ; Life on Land ) တို့နှင့်ဆက်စပ်လျက်ရှိရာ ပြတိုက်များသည် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ ပျော်ရွှင် သုခ ချမ်းသာမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ပံ့ပိုးပေးနိုင်မှုကို ရည်ညွှန်းပေသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း၏ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်သည့် အဓိက ရည်မှန်းချက်ပန်းတိုင်များ( UN’s Sustainable Development Goals – SDG)

            ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃)နိုင်ငံမှ ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ခုနှစ်အထိ လုပ်ငန်းစဉ်များ(2030 Agenda for Sustainable Development) အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက်ထဲတွင် Sustainable Development Goals [SDGs] ရည်မှန်းချက်ပန်းတိုင်ပေါင်း (၁၇)ခု နှင့် ဆက်စပ်ရည်မှန်းချက်ပေါင်း (၁၆၉)ချက်တို့ ပါဝင်ပါသည်။ ဆောင်ပုဒ်အဖြစ် “People, Planet and Prosperity” “လူသားများ၊ ကမ္ဘာမြေကြီးနှင့် ကြွယ်ဝချမ်းသာခြင်း” (P) သုံးလုံးဖြင့် ဖော်ဆောင်ခဲ့ပါသည်။

            ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း၏ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်သည့် အဓိက ရည်မှန်းချက်ပန်းတိုင်များ UN’s Sustainable Development Goals – SDG (၁၇)ချက်မှာ –

၁။ No Poverty – ဆင်းရဲမွဲတေမှု ပပျောက်ရေး

၂။ Zero Hunger – ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး

၃။ Good Health and Well-being – ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာခြင်း သုခ အပြည့်အဝရရှိရေး

၄။ Quality Education – အရည်အသွေးပြည့်မီသည့် ပညာရေးစနစ်များ ဖော်ဆောင်ပေးရေး

၅။ Gender Equality – ကျား/မအခွင့်အရေး တန်းတူညီမျှမှု ရရှိစေရေး

၆။ Clean Water and Sanitation – သန့်စင်သောရေသန့်စနစ်နှင့် မိလ္လာစနစ်များ ကောင်းမွန်စေရေး

၇။ Affordable and Clean Energy – လက်ခံနိုင်သည့်တန်ဖိုးဖြင့် သန့်ရှင်းသောစွမ်းအင်များ ရရှိရေး

၈။ Decent Work and Economic Growth – သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေး                                                                                            ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင်ပေးရေး

၉။ Industry, Innovation and Infrastructure – စက်မှုလုပ်ငန်းများ၊ စွန့်ဦးတီထွင်ဆန်းသစ်မှုများနှင့်                                                                           အခြေခံအဆောက်အအုံ လိုအပ်ချက်များကို                                                                                           ဖြည့်ဆည်းပေးရေး

၁၀။ Reduced Inequalities – ဘက်လိုက်ခြင်း၊ တရားမျှတမှုမရှိမခြင်း ၊မညီမျှခြင်းများကို လျော့ချပေးရေး

၁၁။ Sustainable Cities and Communities – ရေရှည်ဖွံ့ဖြိုးတိုးတက်တည်တံ့သည့် မြို့တော်များနှင့်                                                                            လူမှုပတ်ဝန်းကျင် ဖန်တီးပေးရေး

၁၂။ Responsible Consumption and Production – ကုန်နိုင်သည့်ပမာဏခန့် စားသုံးရေးနှင့်                                                                                                           ပမာဏမျှတစွာ ထုတ်လုပ်ပေးနိုင်ရေး

၁၃။ Climate Action – ရာသီဥတုမျှတစေရန် ဆောင်ရွက်ပေးနိုင်ရေး

၁၄။ Life below Water – ရေနေသတ္တဝါများ ဂေဟစနစ်ညီမျှစေရေး

၁၅။ Life on Land – ကုန်းနေသတ္တဝါများ နှင့် ကုန်းမြေဂေဟစနစ်များညီမျှစေရေး

၁၆။ Peace, Justice and Strong Institutions – ငြိမ်းချမ်းရေး၊ တရားစီရင်ရေး နှင့် ခိုင်မာသည့်                                                                                                  တရားဥပဒေများ ပြဌာန်းနိုင်ရေး

၁၇။ Partnerships for the Goals – ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီရန် အဖွဲ့ဝင်နိုင်ငံများအားလုံး                                                             ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ ဖြစ်ပါသည်။

            ၂၀၁၅ခုနှစ်မှ ၂၀၃၀ခုနှစ်အထိ (၁၅)နှစ်တာကာလအတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံး ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်နိုင်ငံမျှ နောက်ကျမကျန်ခဲ့စေရန်လည်း ထည့်သွင်းဖော်ပြခဲ့ပါ သည်။ နိုင်ငံတိုင်း၏ လူမှုဘဝ၊ စီးပွားရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး(Social, Economic and Environmental )တို့အတွက် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်၍ လိုအပ်သည်များ ကိုလည်း ကုလသမဂ္ဂအနေဖြင့် ကူညီဆောင်ရွက်ပေးရန် ထည့်သွင်းဆုံးဖြတ်ခဲ့ပါသည်။ ကျွန်ုပ်တို့ မြန်မာ နိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အထက်ပါ(၁၇)ချက်ကို ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေလျက် ရှိပါသည်။

            ၂၀၂၀ ခုနှစ်မှစပြီး နှစ်စဉ်နှစ်တိုင်း ကုလသမဂ္ဂ၏ Sustainable Development Goals (SDG) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး  ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့သည်လည်းတခုပါဝင်ပါသည်။  ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ် တွင် ထို(SDG) ရည်မှန်းချက် ပန်းတိုင်များ ၁၇ ချက်အနက် မှ အောက်ပါ(SDG) ရည်မှန်းချက် ပန်းတိုင် (၃)ချက်တို့ဖြင့် သတ်မှတ်ထားပေသည်။ ထို (SDG) ရည်မှန်းချက် ပန်းတိုင် (၃)ချက်မှာ-

            SDG ရည်မှန်းချက် ပန်းတိုင် ()- ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် သုခချမ်းသာ ကျန်းမာသော ဘဝများကို အာမခံပြီး အထူးသဖြင့် အသက်အရွယ်အားလုံးအတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးအရ အထီးကျန်ခြင်းဆိုင်ရာ ကျန်းမာရေးသုခချမ်းသာကို မြှင့်တင်ရန် ။

            SDG ရည်မှန်းချက် ပန်းတိုင် (၁၃)- ရာသီဥတုလှုပ်ရှားမှု- ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏ သက်ရောက်မှုများကို တိုက်ဖျက်ရန်၊ ကာဗွန်သုံးစွဲမှုလျော့ချသောအလေ့အကျင့်များ ရစေရန်နှင့် ကာဗွန်သုံးစွဲမှုလျော့ပါးရေး မဟာဗျူဟာများကို ကျင့်သုံးရန်။

SDG ရည်မှန်းချက် ပန်းတိုင် (၁၅) – ကုန်းမြေပေါ်ရှိ သက်ရှိများ ရေရှည်ရှင်သန်နိုင်ရေး၊ ကုန်းမြေ ဂေဟစနစ်များ ရေရှည်တည်တံ့ရေး အတွက် လွဲမှားအသုံးပြုမှုကို ကာကွယ်ရန်၊ ပြန်လည်ထူထောင်ရန် ၊ ဌာနေလူထုနှင့် ပူးပေါင်းပီး ဇီဝမျိုးစုံ၊မျိုးကွဲများ မဆုံးရှုံးစေခြင်းဆိုင်ရာ အသိပညာပေးခြင်း မြှင့်တင်ရန် စသည်တို့ဖြစ်သည်။

            ပြတိုက်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စေရန် ပံ့ပိုး ပေးနိုင်သည့် နည်းလမ်းများစွာ ရှိပေရာ ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် ပညာပေးခြင်း၊ ရာသီဥတုပြောင်းလဲ လှုပ်ရှားမှုကို ပံ့ပိုးကူညီခြင်းနှင့် လူသားအားလုံးပါဝင်မှုကို မြှင့်တင်ခြင်း၊ ကျန်းမာရေး၊ လူမှုရေးအထီးကျန်မှုကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း တို့အထိ ပံ့ပိုးပေးနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။

            ICOM Resolution တွင် မီးမောင်းထိုးပြထားသည့်အတိုင်း ” ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် လုပ်ငန်းစဉ် ၂၀၃၀ကို အကောင်အထည်ဖော်ရန်၊ ကျွန်ုပ်တို့၏ကမ္ဘာကို ပြောင်းလဲခြင်း” (ကျိုတို၊ ၂၀၁၉) တွင် ပြတိုက်များအားလုံးသည်ပုံဖော် ဖန်တီးထားသည့်ရေရှည်တည်တံ့သော အနာဂတ်များကို ပုံဖော်ရန် နှင့် ထိုသို့ ဖန်တီးရာတွင် ပါဝင်လုပ်ဆောင်ရန် အခန်းကဏ္ဍတစ်ခုပါရှိပြီး ၎င်းတို့သည် သုတေသနပြုချက် များ၊ ပညာရေးဆိုင်ရာအစီအစဉ်များ ၊ပြပွဲများမှတစ်ဆင့် လူထုအတွင်းဖြန့်ဝေခြင်းများပြုရပေမည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အတွက် အကျိုးသက်ရောက်မှုရှိသော အခြား နည်းလမ်းများ

            အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် ကျောင်းများ၊ အသင်းအဖွဲ့များ၊ စာကြည့်တိုက်များ၊ အဖွဲ့အစည်းများ၊ အခြားသော ပြတိုက်များ စသည်တို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ပြည်သူလူထု အနေဖြင့် ၎င်းတို့၏ ဒေသဆိုင်ရာ ပြတိုက်များကို ပိုမိုထောက်ပံ့မှုအားကောင်းလာပြီး အနာဂတ်ကာလ တွင် မျိုးဆက်သစ်များအကြား ပြတိုက်များကိုစိတ်၀င်စားမှု အလားအလာ ပိုများလာခြင်းဖြင့်  စိတ်ပိုင်း ဆိုင်ရာ ယဉ်ကျေးမှု ပိုမိုမြင့်မားလာစေရေး  ပြတိုက်များမှ သင်ယူဖို့ အခွင့်အရေးရစေပါသည်။ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဒြပ်ရှိ၊ ဒြပ်မဲ့  ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း ကဲ့သို့သော အကြောင်းကိစ္စရပ်များကို အစိုးရနှင့် လူ့အဖွဲ့အစည်းများပူးပေါင်း အာရုံစိုက် ဆောင်ရွက်ခြင်းဖြင့် ဤ တရားမဝင်ရာဇ၀တ်မှုများကို အဆုံးသတ်ရန် အလားအလာ ပိုကောင်းလာပေသည်။

            ပြတိုက်များသည် လူသားတို့၏သမိုင်းနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် များ ကို ထိန်းသိမ်းပြုစု၊ စုဆောင်း၊ ခင်းကျင်း၊ ရှင်းလင်း ပြသပေသည်။   ပြတိုက်တစ်ခုကို လေ့လာခြင်းသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက  လူသားတို့၏ ဖြစ်တည်ခဲ့သည့် အရာများကို တွေ့ကြုံခံစားနိုင်ပြီး မတူညီသည့် လူသားမျိုးနွယ်များ၏ ယဉ်ကျေးမှုများကို လေ့လာခြင်းပင်ဖြစ်ပါသည်။ပြတိုက်များသည် ခေတ်ပြိုင်လူ့အဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုရှိသော ယဉ်ကျေးမှု ဖလှယ်ရာနေရာဖြစ်သည်။  မတူညီသောလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ရိုးရာဓလေ့၊ လူမျိုးနှင့် ဘာသာတရားများ၏ ကြွယ်ဝသောသမိုင်းကြောင်းများကို သက်သေပြုထားသည့် ယဉ်ကျေးမှုများ အကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေသည့်  အဖွဲ့အစည်း ဖြစ်သည်။

            ကျွန်ုပ်တို့အားလုံးမျှော်လင့်ထားသည့် စာနာနားလည်မှုရှိသော လူ့အဖွဲ့အစည်းအဖြစ် တိုးတက် ရန်၊ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်သူလူထု နားလည်သဘောပေါက်ရန် ပြတိုက်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါသည်။ ယူနက်စကိုသည် ပြတိုက်များကို အမျိုးသမီးများနှင့် အမျိုးသားများ မခွဲခြားဘဲ တန်းတူ စိတ်ငြိမ်းချမ်းမှု တည်ဆောက်ရန်အတွက် အရေးကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။  ယနေ့ခေတ်ပြတိုက်များသည် လူသားတို့၏ ဉာဏ်ပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်များမှ သဘာဝအမွေအနှစ်များအထိ အရာအားလုံး အတွက် အထူးပြုခင်းကျင်းပြသပါသည်။    ပြတိုက်များအနေဖြင့် ခင်းကျင်းပြသမှုများကို (Indoor Display) ၊ လေဟာပြင် ခင်းကျင်းပြသမှု (Open -Air Display)ရေအောက် ခင်းကျင်းပြသမှု (Under water Display) နှင့် Virtual  Display စသည့် ပြတိုက်ပုံစံအမျိုးမျိုးဖြင့် နှစ်စဉ် သန်းနှင့်ချီသော ဧည့်သည်များကို လာရောက်လေ့လာစေရန် ဆွဲဆောင်ကာ လှုံ့ဆော်ပေးနိုင်သည်။  ကမ္ဘာ တစ်ဝှမ်းတွင် ပြတိုက်လာရောက်လေ့လာသူ တိုးပွားလာသည်နှင့်အမျှ ယူနက်စကိုသည် ပြတိုက်၏ လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတို့နှင့် ချိတ်ဆက် လုပ်ဆောင်နေပါသည်။

            ပြတိုက်များသည် ရှေးဟောင်းရုပ်၀တ္ထုပစ္စည်းများ၊ သမိုင်း၀င်စာရွက်စာတမ်းများနှင့် ကမ္ဘာ တစ်ဝှမ်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ၊ လူ့အဖွဲ့အစည်းများနှင့် သဘာဝသိပ္ပံရပ်ဆိုင်ရာ တွေ့ရှိမှုများ အပါအဝင် သမိုင်း ဝင်ပစ္စည်းများကို စုဆောင်းပါသည်။  ပြတိုက်များသည် သမိုင်းဆိုင်ရာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖြစ်အပျက်များကို လူတို့အား ပညာပေးသည့် အပြန်အလှန်တုံ့ပြန်သည့် ပြပွဲများနှင့် ခင်းကျင်းပြသမှု များလည်း ရှိသည်။ ကမ္ဘာကြီးကို နည်းပညာလွှမ်းမိုးလာသည်နှင့်အမျှ နည်းပညာနှင့် မောင်းနှင်သည့် လူ့အဖွဲ့အစည်းမှာ  စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်စွမ်းရှိသည့်ပြတိုက်များ ၊ မျိုးဆက်သစ်များ သမိုင်းကို တစ်ဖန်ပြန်ချစ်လာစေရန် ကူညီပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပြတိုက်များ၊ ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးမည့်ပြတိုက်များဆီသို့ လူငယ်များ ဦးတည်လာကြပေပြီ။ ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက်များသို့ ယခင်ကထက် လာရောက်ကြည့်ရှုသူ ပိုမိုများပြားလာပြီး သမိုင်းကြောင်း ဆိုင်ရာ လေ့လာသူများလည်း ပိုမိုများပြားလာပါသည်။

            အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့သည် အလွန်အရေးပါသည့်နေ့ဖြစ်ပေရာ ICOM သည် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ပါဝင်ဆင်နွှဲရာတွင် ပြတိုက်များကိုနှစ်စဉ် ကူညီစုစည်းပေးပါသည်။ သင်သည် အပြည်ပြည်ဆိုင်ရာပြတိုက်နေ့၏ သံတမန်များဖြစ်သည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်းရှိ ပြတိုက်များ၏ အခန်းကဏ္ဍသည် နိုင်ငံတော်နှင့် အများပြည်သူများအတွက် အဘယ်ကြောင့် အရေးကြီး ကြောင်း အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ဆိုင်ရာ အချက်အလက်များကို ပြည်တွင်း စာနယ်ဇင်းများ၊ သင်၏ ဆိုရှယ်မီဒီယာနှင့် သင့်ဝက်ဘ်ဆိုဒ် မှတဆင့် ဖြန့်ဝေ၍ ဤကမ္ဘာလုံးဆိုင်ရာ ပြတိုက်များ၏ အခမ်း အနားတွင် ပါဝင်ကူညီ လှုံ့ဆော်ပေးမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။  အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် သင်၏ပူးပေါင်းပါဝင်မှုသည် သင့်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပေရာ ဆိုရှယ် မီဒီယာပေါ်တွင် hashtag #IMD2023 ကိုအသုံးပြုခြင်းဖြင့် ICOM  ၏ ကွန်ရက်နှင့် မျှဝေရန် မမေ့ပါနှင့်။

             အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ဂုဏ်ပြုရန် သင်နေထိုင်သည့်နေရာပေါ်မူတည်၍ သင် တစ်ယောက်တည်း၊ သူငယ်ချင်းများနှင့် သို့မဟုတ် သင့်ကလေးများနှင့်အတူ  အနီးနားရှိ ပြတိုက်သို့ သွားရောက်လေ့လာခြင်းထက် ပိုကောင်းသော နည်းလမ်းမရှိပါ။ စိုက်ပျိုးရေးမှသည် ဖက်ရှင်အထိ၊ နက္ခတ္တဗေဒမှ ရှေးဟောင်းသုတေသနအထိ၊ အနုပညာမှ သဘာဝသမိုင်းအထိ မည်သည့်အရာနှင့်မဆို ဆက်စပ်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘိုးဘွားစဉ်ဆက်နေထိုင်မှုပုံစံများကို လေ့လာရန်နှင့် လူသားမျိုးနွယ်၏ သမိုင်းကြောင်းကို သိရှိရန် ၊  ပြတိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြော ရေးအတွက် ပြတိုက်များ ၏ အသွင်ကူးပြောင်းရေး အလားအလာ အပြည့်အ၀ သိရှိလာစေရန် မေလ (၁၈) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့တွင် သင်နှင့်အနီးဆုံးရှိ ပြတိုက်များသို့ သွားရောက်လေ့လာ ဂုဏ်ပြုသင့်ပါကြောင်း တိုက်တွန်းနိုးဆော်ရင်း အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ကို ဂုဏ်ပြုလိုက်ရပါသည်။

သီသီသောင်း

ကိုးကား   : htpps://www.undp.org

                : htpps://www.eduwar>international-museum-day

                : htpps:// icom.museum> international-museum-day