တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ (အပိုင်း-၅)

ဆောင်းပါးရှင် -ဦးတင်လတ်ယု(ယဉ်ကျေးမှု)

တောင်ငူခေတ်သည် အေဒီ ၁၅ ရာစုနှောင်းပိုင်းမှ ၁၇ ရာစုဦးကြား ထွန်းကားခဲ့ပါသည်။

တောင်ငူခေတ်တွင် စာဆိုကျော်များ များစွာ ပေါ်ထွန်းခဲ့သောကြောင့် ထိုစာဆိုများ ရေးဖွဲ့ ခဲ့သည့် ပျို့၊ ကဗျာ၊ ရတု စသည်တို့မှ တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာထုံးဖွဲ့မှု ဟန်ကို ဖော်ထုတ်နိုင်ပါသည်။

             ရှင်သံခို၏ ရတုတွင်-

“ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားလည်မခွေ၊ စုလည်းပြေနှင့်” ဟု ဖော်ပြထားရာ တောင်ငူ ခေတ် အမျိုးသမီးတို့သည် စုလည်းဆံထုံးမျိုးကို ထုံးဖွဲ့၍ ဆံစကို နားအနီးတွင် မခွေဘဲ ဖြာထွက် နေဟန် အင်းဝခေတ်၏ ဗျာပါဆံမျိုး ဆက်လက်အသုံးပြု ထုံးဖွဲ့လာသည်ဟု ဆိုရပေမည်။

မင်းဇေယျရန္တမိတ်၏ တောင်ငူခေတ် နန်းတွင်းသူများအကြောင်းရေးဖွဲ့ထားသော ကဗျာတွင်-

“လျော့လျော့ရည်းရည်း၊ ညရီဆည်းတွင်၊ ပန်းလည်းမဆင်၊ ကေရှင်ပင့်၍၊ မထုံးလေတတ်၊ လိမ်းချေမွတ်နှင့်” ဟု ရေးစပ်ခဲ့ရာ နန်းတွင်းသူများသည် ဆံပင်ကို ညနေပိုင်းတွင် ထုံးဖွဲ့ခြင်း၊ ပန်းပန်ဆင်ခြင်း မပြုလုပ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

နတ်သျှင်နောင်၏ ရတုများတွင် တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ပြင်ဆင်ပုံ များကို ထည့်သွင်းရေးဖွဲ့လေ့ရှိကြောင်း တွေ့ရပါသည်။ နတ်သျှင်နောင်က ရာဇဓာတုကလျာ၏ အလှကို ရေးဖွဲ့ရာတွင်လည်း-

“ပန်းမာလ်ရေးချေ၊ ထုံးနေမကြော့၊ ပတ်လျော့ဆံကြာ၊ ကျတိုင်းသာလျှင်” ဟု ဆံကေသာအလှ ပြင်ဆင်မှုကို ဖော်ပြထားရာ ရာဇဓာတုကလျာမင်းသမီးသည် ဆံပင်ကိုပတ်လျှိုပြီး ဆံမြိတ်ချ ထားသည့်ဟန် ပြင်ဆင်ထားကြောင်း တွေ့ရပါသည်။ နတ်သျှင်နောင်၏ “မြသိတင်” ဘုရားတိုင် ရတုတွင်လည်း-

“မြသွင်လိုလို၊ ရွှေကိုရှိမ်းရှိမ်း၊ ပြစ်ယိမ်းကင်းနေ၊ သွယ်ခွေရွက်ညို၊ ဖြူမြိတ်စို့လည်း၊ နားသို့ ညွတ်ညွတ်” ဟု ရေးစပ်ထားရာ တောင်ငူခေတ် အမျိုးသမီးတို့သည် မြိတ်ဖြူ၊ မြိတ်စို့ ဆံထုံးကို ဆက်လက်အသုံးပြု ထုံးဖွဲ့နေကြောင်းနှင့် ဆံပင်ကို နားနောက်တွင် ခွေပတ်၍လည်း ထုံးဖွဲ့ ကြောင်း တွေ့ရပါသည်။

နတ်သျှင်နောင်၏ “ချောင်းမံဘုရားတိုင်မယ်ဘွဲ့” ရတုတွင်-

“မောင်းမျှရွှေလှော်၊  ရှုတိုင်းပျော်ကို၊ ထိပ်ပေါ်ကေသာ၊ ဆင်မရာလည်း” ဟု ရေးဖွဲ့ထားပြန်ရာ  ဆံကေသာကို  ဦးခေါင်းထိပ်တွင်လည်း ထုံးဖွဲ့ကြကြောင်း တွေ့ရပြန်ပါသည်-

နတ်သျှင်နောင်၏ “မိုးတောမောင်ဘွဲ့” ရတုတွင်-

“ရွာရုပ်လိုနှင့်၊ စိတ်ကိုသာစမ်း၊ လွမ်းမလွမ်းဟု၊ တိမ်ငြမ်းဆင်ဝန်း၊ တင့်ရည်းဆန်းနှင့်၊ ရေငန်းဖွဲ့ ကာ၊ မရွာလှာသော်၊ ဆံကြာကေရှင်၊ လက်သင်ပင့်လျော၊ မကျောဆီရွမ်း၊ ပတ်မြိတ်မွမ်းနှင့် နေတမ်းသာလျှင်၊ မရွှင်ချင်တည့် . . . လွမ်းရေးဆင်သော်၊ ကေရှင်ဆီရွှမ်း၊ နေတမ်းလက်သင်၊ တိုင်းပင်မကြော့၊ ပတ်လျော့လျော့နှင့် . . .” ဟု ရေးဖွဲ့ထားရာ ချစ်သူမောင်ကို လွမ်း၍နေသော အမျိုးသမီးသည် ဆံပင်ကို ဆီမလိမ်းနိုင် မဖြီးမလိမ်းနိုင်ဘဲ ကပိုကရိုဖြင့် တစ်ပတ်မြိတ် ဆံထုံး ထုံးဖွဲ့ထားကြောင်းကို လည်းကောင်း၊ ချစ်သူမောင် ပြန်လာ၍ လွမ်းစရာ မရှိတော့သည့်အခါတွင် ဆံကေသာကို နေစဉ်ဆီလိမ်းလျက် တစ်ပတ်လျှိုထုံးဖွဲ့ထားကြောင်း ရေးဖွဲ့ထားသဖြင့် တောင်ငူ ခေတ် အမျိုးသမီးများသည် ဆံကေသာပြင်ဆင်ရာတွင် ဆီမွှေးလိမ်းကြကြောင်းတွေ့ရပါသည်။

နတ်သျှင်နောင်၏ “ရေဖြန်းသဘင်” စစ်ချီရတုတွင်-

“တစ်ခက်ပျံ့ကြိုင်၊ တခိုင်လုံးလုံး၊ တကုံးစင်ထား၊ နည်းရှားစဉ်ခိုက်၊ တပွင့်ကြိုက်လည်း၊ ခေါ်စိုက် မတ၊ မမျှဦးပဲ၊ မပန်မြဲရှင့်” ဟု ရေးစပ်ထားရာ တောင်ငူခေတ် နန်းတွင်းသူ အမျိုးသမီးများသည် ဆံထုံးထက်တွင် ပန်းတစ်ပွင့်၊ ပန်းတစ်ကုံး၊ ပန်းတစ်ခိုင် စသည်ဖြင့် ပန်ဆင်လေ့ရှိကြောင်း ဖော်ပြ ထားပါသည်။

နတ်သျှင်နောင်၏ သစ္စာတိုင်ရတုတွင်-

“မြိတ်ရွှမ်းမဉ္ဇူ၊ ဆီပျံ့ကြူနှင့်၊ လျစ်လျူတမ်းသာ၊ ဆံကြာကွင်းလျော့၊ နေစေတော့ဟု၊ မြရွက် မြိတ်ညွန့်၊ မဖြန့်လက်သင်၊ ကေရှင်ထုံးသစ်၊ ဆယ်ကျော်နှစ်က” ဟုလည်းကောင်း၊ “ဆံကေရှင်မြ၊ ထုံးရွရွလည်း၊ ယုယမပြင်၊ လက်သင်မြိတ်လွတ်၊ သွယ်နွဲ့ညွှတ်ကို” ဟုလည်းကောင်း ရေးဖွဲ့ထားရာ တောင်ငူခေတ် ဆယ်ကျော်သက် အမျိုးသမီးတို့သည် ဆံပင်ကို အထူးတလည် ပြင်ဆင်မထား ဘဲ ဆံမြိတ်လေး ကပိုကရိုနှင့် လျော့ရဲရဲ နေထိုင်လေ့ရှိကြောင်း တွေ့ရှိရပါသည်။

ရှင်ထွေးနာဂသိန်၏ ရတုတွင်-

“. . . မဏိကိုးပါး၊ စီခြားခြယ်မြှောင်၊ ခရုချောင်နှင့်၊ ရွှေတောင်ထက်တွင်၊ နတ်သဘင်သို့ . . . ယကင်ထုံးလျက်၊ ရွှေကုံးကိုရစ် . . . တချို့ငယ်သော်၊ မြိတ်စို့ပေါ်လျက်၊ စုလည်းထုံးသစ်၊ ရွှေကုံးရစ်လျက် . . .” ဟု ရေးစပ်ထားရာ တောင်ငူခေတ် အမျိုးသမီးများသည် မဏိကိုးပါး၊ ယကင်၊ ခရုချောင်၊ တိမ်တောင်တက်၊ မြိတ်စို့၊ မြိတ်ဖြူ၊ မြိတ်ရစ်၊ မြိတ်လွတ်၊ စုလည်း စသည့် ဆံထုံးများကို ထုံးဖွဲ့ လျက် ရွှေကုံးများဖြင့် ရစ်ပတ် အလှဆင်လေ့ရှိကြောင်း သိရှိရပေသည်။

တောင်ငူခေတ်တွင် ရေးစပ်ခဲ့သော ပျို့၊ ကဗျာ၊ ရတု စသည်တို့မှတစ်ဆင့် တောင်ငူခေတ် အမျိုးသမီးများသည် ရဝေရှင်ထွေး ရေးသားခဲ့သည့် အန်ချင်းလာ ပုဂံခေတ်ဆံထုံး ၅၅ မျိုးမှ မဏိ ကိုးပါး၊ ယကင်၊ ခရုချောင်၊ တိမ်တောင်တက်၊ မြိတ်စို့၊ မြိတ်ဖြူ၊ မြိတ်ရစ်၊ မြိတ်လွတ်၊ စုလည်း စသည့် ဆံထုံးများကို ဆက်လက်ထုံးဖွဲ့ကြသကဲ့သို့၊ အင်းဝခေတ်မှ ဆင်းသက်လာသော ဗျာပါဆံ နှင့် စုလည်းဆံထုံးကိုရော၍ ထုံးဖွဲ့သည့်ပုံစံမျိုးကိုလည်းကောင်း၊ တစ်ပတ်လျှို၍ ဆံမြိတ်ချသည့် ပုံစံမျိုးကိုလည်းကောင်း၊ ဦးခေါင်းထိပ်တွင် ထုံးဖွဲ့ရစ်ခွေ၍လည်းကောင်း၊ ဆယ်ကျော်သက် မိန်းကလေးများသည် ဆံပင်ကို ပြင်ဆင်ခြင်း မပြုဘဲ ကပိုကရို နေကြပုံ၊ ဆံပင်ကို ဆီမွှေးလိမ်းခြင်း၊ ခေါင်းဖြီးခြင်း၊ ပန်းကို တစ်ပွင့်တည်းပန်ခြင်း၊ အခိုင်လိုက်ပန်ခြင်း၊ သီကုံး၍ပန်ခြင်းနှင့် ရွှေ ကုံးများဖြင့် ရစ်ပတ်ထားခြင်း စသည်ဖြင့် တန်ဆာဆင်လေ့ရှိကြောင်း တွေ့ရပါသည်။

ဆက်လက်ဖော်ပြပါမည်။