သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ပုဂံရှေးဟောင်းနယ်မြေဘုရားစေတီများ Pagoda Digital Directory တပ်ဆင်ထားမှုနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေလှည့်လည်စစ်ဆေး နေပြည်တော်၊ ဧပြီ ၃၀

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိနေသော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တို့သည် ယနေ့နံနက် ၀၈၃၀ နာရီအချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ဘုရားများ၏ သမိုင်းကြောင်း၊ အချက်အလက်များ၊ အနုလက်ရာဗိသုကာ အမွေအနှစ်များကို Online၊ Offline တို့ဖြင့် လေ့လာနိုင်ရန်အတွက် Pagoda Digital Directory ပြုလုပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရား အပါအဝင် (၉) ဆူကို စတင်ဆောင်ရွက်ခဲ့ပြီး ပဲခူးမြို့ရှိ ရွှေမော်‌ဓော ဘုရားကို ထပ်မံထည့်သွင်း၍ ၎င်းဘုရား (၁၀) ဆူတို့၏ Pagoda Digital Directory အဖြစ် ၂၀၂၃ ၊ ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ Pagoda Digital Directory အဖြစ် website များ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ပြည်၊မကွေး၊ တောင်ငူ၊ သထုံ) ပူးပေါင်း၍ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဆက်လက်၍လည်း  မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သမိုင်းဝင် ထင်ရှားသော ဘုရားများ အတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နောက်လာနောက်သား မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ ဘာသာ၊ သာသနာရေးနှင့်ပတ်သက်၍ အလွယ်တကူ သိရှိ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့်အမှာစကားပြောကြားပါသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဘုရား စေတီတွင်   Pagoda Digital Directory ပြုလုပ် တပ်ဆင်ခြင်း သည် အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်သဖြင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း  ပြောကြားပါသည်။

          ဆက်လက်၍ Pagoda Digital Directory ဦးဆောင် ဆောင်ရွက်နေသော ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ အဖွဲ့ဝင် ဦးလှမြင့်က ဘုရားစေတီ ၁၀ ဆူတွင်  Pagoda Digital Directory ဆောင်ရွက်နေမှု၊ ဘုရားစေတီသမိုင်းဆိုင်ရာအချက်အလက်များ၊ အထင်ကရ သိမှတ်ဖွယ်ရာများ၊ ထင်ရှားကျော်ကြားသည့်အထိမ်းအမှတ်များ စသည်တို့နှင့် ပတ်သက်၍ ထည့်သွင်း Online ၊ Offline ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံ-ညောင်ဦးဒေသရှိ ဂေါပကရှိသော တန်ခိုးကြီး ဘုရား ၁၉ ဆူ သာမက ဂေါပက မရှိသော  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ထိန်းသိမ်း ထားသည့် အနုပညာ၊ ဗိသုကာ လက်ရာမြောက်သည့် စေတီ၊ ပုထိုး ၊ ဂူဘုရားများကိုပါ ထိုသို့ ပြည်တွင်း/ပြည်ပမှ ဘုရားဖူးများ၊ လေ့လာသူများ  အလွယ်တကူ ကြည့်ရှု လေ့လာနိုင်ရန် ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြား ခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ဧရိယာ၁၁ပိုင်းခွဲ၍ ဘုရားစေတီသာသနိကအဆောက်အအုံတို့၏ ပတ်ဝန်းကျင် ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီး ဘုရားစေတီ သာသနိက အဆောက်အအုံ (၂၇၅၇) ဆူ၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ တာဝန်ရှိသူများက ဘုရား၊ ပုထိုး၊ စေတီများ သန့်ရှင်းရေး ဆောင်ရွက်မှုကို ယခင်က ဧရိယာ ၆ ပိုင်းခွဲခြား၍ လုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ ဧရိယာ ၁၁ ပိုင်း ပြင်ဆင်လျာထား၍ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ ဧရိယာ ၆ ခုအား ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးခဲ့ပြီး ဧရိယာ ၃ ခုမှာ ဆောင်ရွက်ဆဲဖြစ်ပြီး ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ ကျန် ဧရိယာ ၂ ခု ကိုလည်း ဇူလိုင်လအပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံ ပေါင်း ၃၈၃၇ ဆူ ရှိသည့်အနက်  ယနေ့အထိ ၂၇၅၇ ဆူ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၁၀၈၀ ဆူ ရှင်းလင်းရန် ကျန်ရှိနေသေးကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကလာမည့် မိုးရာသီ မတိုင်မီပြီးပြတ်အောင် ထပ်မံအားဖြည့် ဆောင်ရွက်ရန်၊ ရှင်းလင်းပြီးအပင်ငုတ်များမှ ထပ်မံပေါက် လာပါက ချက်ချင်း ရှင်းလင်းရန်၊ ဆက်လက်၍ လည်း လစဉ် စီမံချက်ရေးဆွဲ၍ ယခုကာလတွင်ကဲ့သို့ အမြဲသန့်ရှင်း သပ်ရပ်နေရန် အလေးထား၍  စီမံဆောင်ရွက် သွားရန်မှာကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကမ္ဘာလှည့် ခရီးသည် များနှင့် ပြည်တွင်းခရီးသွားများဘုရားဖူးများ ပုဂံရှုခင်းကြည့်ရှုနိုင်ရန် ယာယီတည်ဆောက်ထားသော ရှုခင်းကြည့်တောင်ကုန်း(၄)ခုရှိသည့်အနက် ကိုမောက်ကန်နှင့် ဖိုးသူတော်ကန်တို့၏ ပတ်ဝန်းကျင် နေရာကို ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးက ပတ်ဝန်းကျင်မြင်ကွင်း၊ ကျေးလက်ဓလေ့  ဆိတ်ကျောင်း / နွားကျောင်း ပြန်ချိန်များ၌ တိရစ္ဆာန်များ ကိုမောက်ကန် ၌ ရေသောက်ဆင်းသည့် အလေ့အထတို့နှင့် ပြည့်စုံသည့် လှပသောနေရာဖြစ်သည်နှင့်အညီ ကိုမောက်ရေကန်ကိုလည်း နုံးဆယ်ပြီး ခရီးသွားများ ကြည့်ရှုနိုင်သည့်နေရာကောင်း ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  ပိုမိုကောင်းမွန်သည့်ရှုခင်းကြည့်ရှုနိုင်ရန်နှင့် ရေနေသော ၊ ကြည်လင်သော၊ တိရစ္ဆာန်များ သန့်သန့် ရှင်းရှင်း သောက်သုံးနိုင်သော ရေကန်အဖြစ် ဆောင်ရွက်ရန်နှင့် ရှေးဟောင်း ရေစီးဆင်းမှုနှင့် ရေကန် ဓလေ့တို့ကိုပါလေ့လာနိုင်ရေးစီမံသွားရန် လိုအပ်ပါကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြား ခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် စူဠာမဏိ ဘုရားသို့သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ ဆောင်ရွက် ထားသည့် နံရံပန်းချီများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် Tempered Glass တပ်ဆင်ကာရံခြင်း လုပ်ငန်း၊ လျှောက်လမ်းခင်းကျင်းခြင်းလုပ်ငန်းနှင့် မိုးကြိုးလွှဲတပ်ဆင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်ချက်များအား အမြန်ပြီးမြောက်စေရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် ပုဂံသည် ကမ္ဘာ့အဆင့်အမျိုးသားအဆင့် အရေးကြီး ထိန်းသိမ်း စောင့်ရှောက်ရမည့် အမွေအနှစ်ဖြစ်သဖြင့် ဂေါပကအဖွဲ့အနေဖြင့် ဌာန၏ကြီးကြပ် လမ်းညွှန်ချက် များကို တိကျစွာ လိုက်နာ၍ ပူးပေါင်း ဆောင်ရွက်ပေးရန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ရွာဟောင်းကြီးဘုရားတွင် Archaeological Survey of India-ASI အဖွဲ့က နံရံဆေးရေးပန်းချီနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက  ပုဂံကမ္ဘာ့အမွေအနှစ်စေတီပုထိုးများ ဖြစ်၍ အကောင်းဆုံး ဆောင်ရွက်ပေးရန် အိန္ဒိယပညာရှင်များအနေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ယခုထက် ပိုမို အားထည့်ဆောင်ရွက်ပေးရန်နှင့် ဌာနဝန်ထမ်းများကိုလည်း တွဲဖက်၍ ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို လေ့ကျင့်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ပြီးနောက် ရွာဟောင်းကြီး ရေကန်သို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ၎င်းနောက် Archaeological Survey of India-ASI အဖွဲ့က ပြုပြင်ထိန်းသိမ်းခဲ့သည့် သိကြားပုန်းဘုရားသို့ သွားရောက်ရာတွင် ASI အဖွဲ့တာဝန်ရှိသူက ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ သိကြားပုန်းဘုရားပြုပြင်ထိန်းသိမ်းမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပြီး ရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညိုခဲ့ပါသည်။

          ဆက်လက်၍ ဘုရားအမှတ် (၂၀၇) တိဿဘုရား နှင့် ဘုရားအမှတ် (၂၁၁) တို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး  တိဿဘုရား ဆင်းတုတော်၏ဦးခေါင်းတော် နောက်ကျော အချောသတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်၊ ရောင်တော်ဖွင့်ရန်၊ ဘုရားအမှတ် (၂၁၁) ၏ ပေါင်းမိုး  အနားသတ်ကြားသိပ် ပြုလုပ်ရန် နှင့် သန့်ရှင်းသာယာလှပရေးကို ယခုကဲ့သို့ အမြဲဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရွှေစည်းခုံစေတီတော် တွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ Digitization   ပြုလုပ်၍ Touch Screen ဖြင့်  ပြသထားသည့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ ကျောက်စာတိုင် အား  သွားရောက် ကြည့်ရှုစစ်ဆေး၍ ဘုရားဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မူရင်းကျောက်စာတိုင်အား စနစ်တကျ ထိန်းသိမ်းသွားရန်   မှာကြားခဲ့ပါသည်။  

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အဆောက်အဦ ဦးစီးဌာနကတည်ဆောက်နေသော ညောင်ဦးမြို့တော်ခန်းမ တည်ဆောက်ရေးလုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက တည်ဆောက်ရေးဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ရာ မြို့တော်ခန်းမသည် ဘက်စုံသုံးခန်းမဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြ၍ လုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်စစ်ဆေး ခဲ့ပါသည်။ 

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည့်  ကျောက်ပန်းတောင်း မြို့နယ်၊ ဇလင်းတောင်ရွာရှိ (အလျား ၄၀၀ ပေ၊ အနံ ၁၅၅ ပေ၊ အနက် ၆ ပေ) ရှိသော ထောက်ရှာကန်ကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့်  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလတ်ကျေးရွာရှိ (အလျား ၅၅၀ ပေ၊ အနံ ၄၀၀ ပေ၊ အနက် ၈ပေ) ရှိ‌သော ညောင်ကန်ကို  လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံများ သောက်သုံးရေ ရှားပါးမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ရာ ရေကန်များ ရေရှည်တည်တံ့စေရေး၊ သန့်သန့်ရှင်းရှင်းသုံး စွဲစေရေး သက်ဆိုင်ရာ ဌာနများ၊ ဒေသခံ ပြည်သူများ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်   ကျောက်ပန်းတောင်း မြို့နယ်၊ စိတ္တပါလ ဂူကျောင်း စာသင်တိုက်တွင် စိတ္တပါလ ဂူကျောင်း ဆရာတော်နှင့် သုခဝတီ စာသင်တိုက်ဆရာတော်တို့အား ဖူးမြော် ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။

          ဆက်လက်၍ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့ရေပေးဝေရေးလုပ်ငန်းသို့ လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ရာ စည်ပင်သာယာရေးအဖွဲ့၊ မြို့ရေပေးဝေရေးအဖွဲ့ တာဝန်ရှိသူက ကျောက်ပန်းတောင်း မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်တွင် အနက် (၅၅၀) ပေ၊ အချင်း ၈ လက်မ၊ တစ်နာရီ ရေဂါလန် ၇၅၀၀ ထွက်ရှိနိုင်မည့် ရေတွင်း (၃) တွင်း၊ အင်တောရေအရင်းမြစ်က အနက် (၄၀၀) ပေ၊ အချင်း ၈ လက်မ၊ တစ်နာရီ ရေဂါလန် ၇၅၀၀ ထွက်ရှိနိုင်မည့် ရေတွင်း (၂) တွင်း တူးဖော်ရန် လျာထားမှုအား ရှင်းလင်းတင်ပြခဲ့ရာ   ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။