အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီ ပညာဌာန ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာပြပွဲ (Narrative on Canvas) ကျင်းပ ရန်ကုန် မေ ၁၈

အနာဂတ်လူ့ဘောင်အဖွဲ့အစည်းက လိုလားသော အနုပညာသစ်များကို ဖန်တီး နိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာနမှ မဟာဝိဇ္ဇာတန်းများနှင့် စတုတ္ထနှစ် ပန်းချီအထူးပြုကျောင်းသား ၊ ကျောင်းသူများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အနုပညာလက်ရာပြပွဲ (Narrative on Canvas) ကို အနုပညာဖန်တီးမှု စွမ်းရည်များ ပိုမိုမြင့်မားလာစေရန် ပြပွဲကျင်းပရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို နားလည်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေပြီး ခေါင်းဆောင်မှု စွမ်းရည်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နေ့လည် (၂) နာရီက အမျိုးသား စာကြည့်တိုက် (ရန်ကုန်)   Exhibition Hall ၌ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်‌ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်၊ ပြင်ပပညာရှင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် ကြီးများ ၊ ပညာဌာန အသီးသီးမှပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။  

          အခမ်းအနားအစီအစဉ်အရ အနုပညာလက်ရာပြပွဲဖွင့်ပွဲကို ကျင်းပရာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်      ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး နှင့် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က  အမှာစကားပြောကြားရာမှာ ပန်းချီအနုပညာဆိုတာကတော့ မြန်မာ့သုခုမယဉ်ကျေးမှု ပန်းဆယ်မျိုးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး မိမိတို့ မြန်မာနိုင်ငံအနေနဲ့ သမိုင်းမတင်မီ ခေတ် ဂူနံရံပန်းချီများကနေ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်နှင့် စစ်ပြီးခေတ်တွေကနေ မျက်မှောက်ခေတ်၊ ခေတ်သစ် ခေတ်ပြိုင်ကာလအထိ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ အမျိုးသားပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ဒီပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ အနုပညာသင်ကျောင်းတွေ ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် အဓိကကျပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ပုလဲရတုကာလကိုလွန်မြောက်ခဲ့ပြီး တက္ကသိုလ်မှ မွေးထုတ်ခဲ့သည့် မျိုးဆက်သစ် အနုပညာရှင်များသည်လည်း မြန်မာ့လူနေမှု အသိုက်အဝန်းအတွင်းမှာသာမက ပြည်တွင်း ပြည်ပ နယ်ပယ်အသီးသီးမှာပါ မိမိကျွမ်းကျင်ရာအနုပညာကဏ္ဍကနေ  အနုပညာရှင်များဘဝ၊ ရသပညာရှင်များဘဝ၊ ဒီဇိုင်းပညာရှင်များဘဝနှင့် အနုပညာသင် ဆရာများဘဝ၊ အသီးသီးခံယူပြီး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယနေ့ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီပညာဌာနရဲ့ မျိုးဆက်သစ်လူငယ်များ သည် အနုပညာပြပွဲတွင် သူတို့၏အနုပညာအပေါ် မြတ်နိုးမှု၊ ရိုးရှင်းမှု၊ လှပမှုတွေကို ဖော်ပြချင်တဲ့ ကျောင်းသားကျောင်းသူများရဲ့ ဘဝဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊  နိဂုံးချုပ်အနေဖြင့် “စုတ်ချက်တစ်ချက်သည်  တုတ်အချက်ပေါင်း များစွာထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်”ဟု ဆိုရိုးရှိပါကြောင်း၊ အကြောင်းမှာ စုတ်ချက်တစ်ချက်သည် လူများ၏နှလုံးအိမ်ကို ကိုင်လှုပ်နိုင်စွမ်းရှိသလို လောကကြီး တစ်ခုလုံးကို ပြုပြင်နိုင်စွမ်းရှိသည်ဟု ဆိုလိုရင်းဖြစ်ပါကြောင်း၊  ကမ္ဘာလောကကြီး ပိုမိုငြိမ်းချမ်းလှပအောင်စွမ်းဆောင်နိုင်တဲ့၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အနုပညာ ရှင်ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က “ ယနေ့ကျင်းပပြုလုပ်တဲ့ ပန်းချီအနုပညာပြပွဲတွင် Narrative on Canvas ဆိုသည့် ခေါင်းစဉ်ဖြင့် မဟာဝိဇ္ဇာတန်းနှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ ရေးဆွဲထားသည့် ဆီဆေး၊ ရေဆေး ပန်းချီကားများကိုတွေ့ရပါကြောင်း၊ ပန်းချီကားများသည် ကင်းဗတ်ပေါ်တွင် ဇာတ်ကြောင်းဆိုင်ရာများကို စိတ်ကူးစိတ်သန်းနှင့် ဒီဇိုင်းပုံဖော် ရေးဆွဲကြသည်ဟု သာမန်အားဖြင့် နားလည်ရပါကြောင်း၊ ထိုသို့ဆွဲနိုင်ရန် ချဉ်းကပ်မှု၊ စိတ်ကူးစိတ်သန်းဖန်တီးမှု၊ နည်းပညာ၊ အတတ်ပညာများကို အဆင့်ဆင့် ဖြတ်သန်းကြရမည်ဟုခန့်မှန်းမိပါကြောင်း၊ အထူးသဖြင့် မိမိဆိုလိုချက်ကို ကြည့်ရှုသူ ပရိသတ် ချက်ချင်းနားလည်သဘောပေါက်စေရန် စာကြောင်းတိုတို၊ ဒီဇိုင်းပုံ နည်းနည်းနှင့် ထိထိရောက်ရောက် ပြောနိုင်၊ ပြနိုင်အောင် ဖန်တီးရသည့်အတွက် ဉာဏ်စွမ်းရည်နှင့် အနုပညာ စွမ်းရည်ကို ပြသနိုင်သည့် ပွဲမျိုးဖြစ်သဖြင့် ယခုကဲ့သို့ ခင်းကျင်းပြသနိုင်သည်ကို  များစွာဂုဏ်ယူမိပါကြောင်း၊

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် မြန်မာ့လူ့အဖွဲ့အစည်း ၏ ယဉ်ကျေးမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသည့် အနုသုခုမဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင် ရပါကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများတွင် ပန်းချီပညာဌာနသည်လည်း ရိုးရာပန်းချီ ပညာကို လက်ဆင့်ကမ်း သင်ကြားအမွေပေးနေသကဲ့သို့ ယခုလို ဇာတ်လမ်း ဇာတ်ကြောင်း များကို ကင်းဗတ်ပေါ်တွင် ဒီဇိုင်းထုတ်နိုင်တဲ့ ပညာများကိုလည်း ဆန်းသစ်စွာ ဖန်တီးနိုင်ခြင်းသည် ဂုဏ်ယူစရာဖြစ်ပါကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ပြပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များ နှင့်ပန်းချီပြပွဲတွင် ပါဝင်ပြသကြသည့် ကျောင်းသား၊ ကျောင်းသူများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ပန်းချီပြပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြခန်းအတွင်းလှည့်လည်ကြည့်ရှုကြသည်။

Narrative on Canvas ပန်းချီပြပွဲတွင် စတုတ္ထနှစ် ပန်းချီ ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးနှင့် မဟာဝိဇ္ဇာတန်း (၄) ဦး၏ အခရိုင်လစ် (၈) ကား၊ ရေဆေးပန်းချီ (၁) ကား၊ Charcoal (၁) ကား၊ ဆီဆေးပန်းချီ (၄၅) ကား စုစုပေါင်း  ပန်းချီကား (၅၅) ကားကို  ခင်းကျင်းပြသထားပြီး  မေလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အတွင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်) Exhibition Hall တွင် မည်သူမဆို လာရောက် ကြည့်ရှုနိုင်ကြောင်း နှင့် နှစ်သက်ပါက ဝယ်ယူအားပေးနိုင်ကြောင်း  သတင်းရရှိပါသည်။