သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ အစည်းအဝေး(၂/၂၀၂၄) တက်ရောက် နေပြည်တော်၊ မေ (၂၃) ရက်

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏  အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို မေလ (၂၃) ရက် နံနက် (၁၀:၀၀) နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်  တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများမှ   ညွှန်ကြားရေးမှူးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားသူနှင့် Online မှ တက်ရောက်ကြသည့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ – ကြို့ပင်ကောက်)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ပထမဦးစွာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် “ပထမအကြိမ် ၁/၂၀၂၄ အစည်းအဝေး၏ ဆုံးဖြတ်ချက် များအရ တိုင်းရင်းသားဝတ်စုံများနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် အဓိက တိုင်းရင်းသား (၈) မျိုး၏ နေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနားသုံးဝတ်စုံ တစ်မျိုးစီကို မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေးသို့ အချိန်မီတင်ပြ နိုင်ရေး ဆောင်ရွက်ရန် အချက်သည်  အဓိကကျသည့်အချက် ဖြစ်ပါကြောင်း၊ သတ်မှတ် တင်ပြရာတွင် အသုံးပြုမည့် အထည်စ၊ ဒီဇိုင်း၊ အရောင်၊ တွဲဖက် အဆင်တန်ဆာများ စသည် တို့ကို အသုံးပြုရသည့် အဓိပ္ပာယ်၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အသေးစိတ်တို့ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သက်ဆိုင်ရာ ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များ၏ အဆုံးအဖြတ်နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အတည်ပြုမှုနှင့် အတူ ဆွေးနွေးတင်ပြစေလိုပါကြောင်း၊ ကော်မတီအနေနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြည်နယ်အစိုးရများ၏ အတည်ပြုချက်များနှင့်တကွ နောင်ကျင်းပမည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟို ကော်မတီ၏ အစည်းအဝေးသို့ တင်ပြမှာဖြစ်ကြောင်း၊ ယဉ်ကျေးမှုရေစီးကြောင်းအရ မိမိတို့နိုင်ငံက အလွန်တန်ဖိုးရှိလှပပြီး သမိုင်းကြောင်း ရှည်လျားသည့် တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့်ထုတ်ခြင်းတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နေကြသည်ကို တွေ့နေရပါကြောင်း၊ သို့ဖြစ်၍ တင်ပြအတည်ပြုချက် များနှင့်အတူ မူပိုင်ခွင့်ရယူနိုင်ရန် အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖိတ်ကြားထားသူမှ ဆွေးနွေးပေးစေလိုကြောင်း” ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပထမအကြိမ် (၁/၂၀၂၄) အစည်းအဝေးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော  နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်း၊  ကချင်၊ ကယား၊ ကရင်၊ ချင်း၊  မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်ဝန်ထမ်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်) တို့နှင့် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်အနေဖြင့် ပထမအကြိမ် တိုင်းရင်းသား(၈)မျိုး၏ အမျိုးသား/အမျိုးသမီး နေ့စဉ်သုံး ဝတ်စုံနှင့် အခမ်းအနားသုံးဝတ်စုံ တစ်မျိုးစီကို အမြန်ပြုစုတင်ပြနိုင်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။      ။