၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော် မေ၂၉

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာ ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ဦးလွင်၊ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင် ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်  ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် အာဇာနည်နေ့အခမ်းအနားကို အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အဖြစ်‌ဆောင်ရွက်သည့် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်‌ဆောင်ရွက်သည့် လုပ်ငန်းကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် လုံခြုံရေးကော်မတီ တို့ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံတိုင်ဝက်လွှင့်ထူ အလေးပြုခြင်း၊ ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် နေပြည်တော် ဇဗ္မူသီရိခန်းမတို့တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းဆက်ကပ် အမျှပေးဝေခြင်း စသည့် အခမ်းအနားများကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊

အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မီဒီယာများမှတစ်ဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများ၊ အစီအစဉ်များ၊ သီချင်းများ ကြိုတင်ရေးသား ထုတ်လွှင့်ရေး၊ အခြေခံပညာကျောင်းများတွင် အာဇာနည်နေ့နှင့် ပတ်သက်သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ရေးတို့ကို ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သွားရန်ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လုပ်ငန်းဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အခမ်းအနားဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်ကိုလည်းကောင်း၊ အခမ်းအနားကျင်းပရေးလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဒုတိယရဲချုပ် အောင်နိုင်သူမှ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက အာဇာနည်နေ့အခမ်းအနားကျင်းပရေးဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နေပြည်တော်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆပ်ကပ်လှူဒါန်းမည့်အစီအစဉ်ကိုလည်းကောင်း၊  Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ တာဝန်ယူရမည့် ကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြခဲ့ကြပါသည်။

ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆွေးနွေးပြီး သည့်အတိုင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ၁၁:၄၀ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။