သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင်(Pagoda Digital Directory ) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် ပဲခူး၊ ဇွန်၂

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင်(Pagoda Digital Directory ) ဘုရား သမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ‌ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာ‌ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျုတာတက္ကသိုလ်(တောင်ငူ) နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ၊ဆရာမများဘုရားစေတီအသီးသီးမှ  ဂေါပကအဖွဲ့ဝင်များ၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူ ကြည်ညို လေ့လာနိုင်ရေးအတွက် ပြသထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့်  ပထမအဆင့် အနေဖြင့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်‌တော်မြတ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းဂုံစေတီတော်နှင့် ပုဂံအာနန္ဒာဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်ဘုရား၊ ပြည်မြို့ ရွှေဆံတော်ဘုရားနှင့် မြောက်ဦးမြို့ ရှစ်သောင်းဘုရား ကိုးဆူကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ပဲခူးမြို့ ရွှေမော်ဓောဘုရားကိုပါ ထပ်မံထည့်သွင်း ဆောင်ရွက် ခဲ့သဖြင့် စုစုပေါင်းအထင်ကရဘုရား စေတီ(၁၀)ဆူတို့အား Pagoda Digital Directory အဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလတွင် အားလုံးပြီးစီးအောင် ရည်မှန်းချက် ထားပြီး ဆောင်ရွက်ခဲ့ရာ ဘုရားစေတီ(၁၀)ဆူနှင့် ပတ်သက်၍ လေ့လာကြည့်ရှုနိုင်အောင် Online ရော Offline ပါဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အထင်ကရဘုရားများ၏ Website ရေးဆွဲရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ခြင်းဖြစ်သကဲ့သို့ မိမိတို့ဘုရားစေတီပြတိုက်များတွင် ပိုမိုကောင်းမွန်သည့် Pagoda Digital Directory ကိုဖန်တီးပြီး ပြည်သူလူထုနှင့်ကမ္ဘာလှည့်ခရီးသွားများက မိမိတို့၏ယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရားပုထိုးစေတီများကို နိုင်ငံတကာအဆင့်မီ Digital ခေတ်မီနည်းစနစ်များဖြင့် လေ့လာသိရှိနိုင်စေရေးအတွက် Pagoda Digital Directory ကိုအမြန်ဆုံးဆောင်ရွက်ရန် လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အထင်ကရဘုရားများသာမက ထူးခြားတဲ့‌ဒေသဆိုင်ရာ စေတီ ပုထိုးများအား Pagoda Digital Directory အဖြစ် Website တွင်ပြသနိုင်ရေးအတွက် ရှေး‌ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာက္ကသိုလ် ပြည်၊ မကွေး၊ တောင်ငူ၊ သထုံတို့ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက် ခဲ့ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဒုတိယအဆင့်အနေဖြင့် ပြည်နယ်တိုင်းဒေသကြီး(၁၄)ခုရှိ ထင်ရှားသောဘုရားပုထိုးများကိုလည်းကောင်း၊ တတိယအဆင့် အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွား မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်ရွှေဆံတော်ဘုရားနှင့် ပဲခူးရွှေမော်ဓောဘုရားရှိ ဗုဒ္ဓဝင်ပြတိုက်များကို Pagoda Digital Museum များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပါကြောင်း ဆက်လက်၍ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြားဘုရားစေတီများကိုလည်း Pagoda Digital Directory များ အဖြစ် ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်ပြောကြားသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရှေး‌ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့မှ ပါမောက္ခချုပ်များ၊ တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်‌ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး နိဂုံးချုပ်စကား ပြောကြားသည်။

ဆက်လက်၍ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြခဲ့သည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်ဦးလှမြင့်က ရွှေတိဂုံ စေတီတော်တွင် ဆောင်ရွက်ပြီးစီးသည့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် Pagoda Digital Directory လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့်ပတ်သက်၍ လည်းကောင်း၊ ကွန်ပျုတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ်နှင့် ကွန်ပျုတာတက္ကသိုလ်(ပြည်) ဒုတိယပါမောက္ခချုပ်တို့ကလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပဲခူးမြို့ပေါ်ရှိ နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံ ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်ကြီးများထံမှ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်တော်ပေါ်ရှိ ဂေါပကအဖွဲ့ရုံးခန်းမ၌ ကျင်းပသည့် ဩဝါဒခံယူပွဲအခမ်းအနားကိုတက်ရောက်ပြီး သာသနာရေး ဆိုင်ရာများကို လျှောက်ထားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့အား ပစ္စယဓမ္မ နှစ်ဖြာနုဂ္ဂဟဖြင့် ပူဇော်ထောက်ပံ့လျက်ရှိပါကြောင်း။

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် မြတ်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိနေမှုအား ကမ္ဘာကိုပြသရန်စသော မြင့်မြတ်သော ရည်ရွယ်ချက်တို့ဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ဆောက်ပူဇော်ခဲ့ပါ ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ အရှေ့မျက်နှာစာ၌ ဆဋ္ဌသင်္ဂါယနာ မူကို ပိဋကတ်သုံးပုံပါဠိတော်များအား ရိုမန်၊ မြန်မာအက္ခရာနှစ်မျိုးဖြင့် ကျောက်ထက်အက္ခရာတင်၍ ကျောက်စာရုံ၊ ဓမ္မစေတီ (၇၂၀) ကိုတည်ထားပူဇော်ခဲ့ပါကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာ၊ ရိုမန်အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ပိဋကတ်သုံးပုံပါဠိတော် (၅၃) ကျမ်း ၊ အုပ်ရေ (၄၀) တို့ကို လှူဒါန်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ပြင် ဆဋ္ဌသင်္ဂါယနာတင်မူ အဋ္ဌကထာ ၅၁ အုပ်၊ ဋီကာ ၂၆ အုပ်တို့မှာ ခဲစာလုံးမူအဆင့်ပင် ရှိနေသေးသဖြင့် ခဲစာလုံးမှကွန်ပျူတာစာစီမူအဖြစ် ဆဋ္ဌသင်္ဂါယနာတင်မူအတိုင်း ပြန်လည်ရိုက်နှိပ် နိုင်ရေး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဋ္ဌကထာ ၅၁ အုပ်အနက် ကွန်ပျူတာစာမူကြမ်း ၁၁ အုပ်၊ ပုံနှိပ်အဆင့်သို့ အသင့်ရောက်ရှိပြီး ၂ အုပ်ရှိပြီ ဖြစ်ပါကြောင်း။ ထို့ပြင်မိုခါမုန်တိုင်း ဒဏ်ကာလတွင် ပျက်စီးခဲ့သော ဘုရားစေတီပုထိုး ၆၄ ဆူအား ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ခဲ့ ပါကြောင်း။

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ ပုဂံဒေသတွင် ဘုရားစေတီပုထိုးများမပျက်စီး စေရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရှေးမင်းကောင်း မင်းမြတ်များတူးဖော်ခဲ့သော မြကန် အပါအဝင် ရေကန် ၁၀၆ ကန် အနက် တူးဖော်၍ရသော ၉၁ ကန်ကိုလည်းကောင်း၊ ရေစီးမြောင်းများကိုလည်းကောင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက်များဖြင့် ရှေးမူမပျက် ပြန်လည်တူးဖော်ထိန်းသိမ်းပြုပြင်လျက်ရှိပါကြောင်း လျှောက်ထားပါသည်။ ဆက်လက်၍  နိုင်ငံ‌တော်သြဝါဒစရိယ ပဲခူးမြို့ မြို့မစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တဂန္ဓမာနှင့် ဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပါ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရွှေမော်ဓော စေတီတော်မြတ်ကြီး ဘက်စုံအလှူတော် အတွက် ငွေကျပ် (၅) သိန်း ပေးအပ်လှူဒါန်းရာ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဌက လက်ခံရယူပါသည်။    

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူး ရွှေမော်ဓောဗုဒ္ဓပြတိုက်ကို ကြည့်ရှုလေ့လာရာ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဌ‌က ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ပဲခူးရွှေ‌မောဓောဘုရား Pagoda Digital Directoryကို ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ်က ရှင်းလင်းတင်ပြရာ ‌ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ရဟန်းရှင်လူများ ၊  ရွှေ‌မော်ဓော ဘုရားသမိုင်း၊ ဗုဒ္ဓပြတိုက်နှင့် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အထင်ကရနေရာများကို အလွယ်တကူကြည့်ရှုလေ့လာနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ သာသနာရေးဆိုင်ရာ အချက်အလက်များ မှန်ကန်မှုရှိစေရေး ဂေါပကအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဘက်မုဒ် အာရုံခံတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၁၄၇၅ ခုနှစ်တွင်  ဓမ္မစေတီမင်းကြီး၏ တူးဖော်လှူဒါန်းခဲ့သည့်  လိပ်ပြာကန်ကို ပြန်လည်ပြုပြင်တူးဖော် ထိန်းသိမ်းထားရှိမှု အခြေအနေ၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။  ဆက်လက်၍ ၁၄၇၆ ခုနှစ်တွင် ဓမ္မစေတီ မင်းကြီး တူးဖော်လှူဒါန်း၍ ခေါင်းဆေးမင်္ဂလာ ပြုခဲ့သည့် ခေါင်းဆေးမင်္ဂလာကန်ကိုကြည့်ရှုစစ်ဆေး ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဓမ္မစေတီမင်းကြီး လှူဒါန်းခဲ့သည့် မဇ္စျိမဒေသ သာသနာဝင်၊  ပုဂံသာသနာဝင်၊ ဟံသာဝတီသာသနာဝင်၊ ကလျာဏီသိမ် သမုတ်ခြင်းသမိုင်း၊ ရာမည စေတီသမိုင်း၊ ‌ရွှေမော်ဓောစေတီ သမိုင်းနှင့် ဗုဒ္ဓဘာသာနှင့် မွန်စာပေဆိုင်ရာ သမိုင်းဝင်အချက်များ ပါရှိသည့် ကလျာဏီကျောက်စာချပ်များကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ အပိုင်းလိုက်ဖြစ်နေသော ကျောက်စာချပ်များ ဆက်စပ်သည့်လုပ်ငန်းများကို ကျောက်စာပညာရှင်များဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားပါသည်။ ဆက်လက်၍  ဓမ္မစေတီမင်းကြီးကခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်အသစ်ပြန်လည်တည်ဆောက်ထားသည့် ကလျာဏီသိမ် ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။