သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်နှင့် ဖော်ထုတ်ထိန်းသိမ်း‌ထားသော ဟံသာဝတီမြို့ဟောင်း ကျုံးနှင့်မြို့ရိုး  ကြည့်ရှုစစ်ဆေး ပဲခူး၊ ဇွန် ၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့ လိုက်ပါလျက် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာသို့ ယနေ့မွန်းလွဲပိုင်းတွင်‌ ရောက်ရှိပါသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ (၃) က တာဝန်ယူပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော မြေနန်းပြသာဒ်ဆောင် ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၂၂.၅.၂၀၂၃ ရက်နေ့ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်နှင့် မဟာစေတီသို့ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက် (၁၇) ချက် အနက် (၁၂) ချက် မှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပြီး (၅) ချက်မှာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တိကျခိုင်မာသည့် သမိုင်းဆိုင်ရာအထောက်အထားများကိုသုတေသနပြု၍ စနစ်တကျ‌ ဆောင်ရွက်ရန်နှင့် ပြုပြင် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်ရန် နှင့် မိုးရေ ယိုမှုမရှိစေရေးအတွက် အမိုးပိုင်းဆိုင်ရာ ပြုပြင်မှုများ ဆောင်ရွက်ရန် မှာကြားပါသည်။ ဆက်လက်၍ လက်ဝဲဝင်းဆောင်၊ မြေနန်း ပြသာဒ်ဆောင်နှင့် လက်ယာဝင်းဆောင်တို့တွင်ပြသ ထားသော နန်း‌တော်တိုင်ဟောင်းများနှင့် ကျွန်းပြားများကို ထိန်းသိမ်းထားမှု အခြေအနေ၊ အနော်ရထာ၊ ဘုရင့်နောင်၊ အ‌လောင်းဘုရား  မင်းသုံးပါးပုံတော်များ နှင့် ၎င်းတို့ တည်ဆောက် စံမြန်း တော်မူခဲ့သော နန်းတော်များပုံ၊ ပုံစံတူပြုလုပ်ထားသည့် လက်ဝဲ၊ လက်ယာ မင်းခမ်းတော်ပစ္စည်းများ၊ ဘုရင့်နောင် မင်းတရားကြီး၏ ပန်းပုရုပ်တုတို့ကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ရေး အတွက်ခင်းကျင်း ပြသ ထားမှုများ၊ နန်းတော်ကြမ်းခင်းများ ခင်းကျင်း ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။             ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ရံပုံငွေဖြင့် ဟံသာဝတီမြို့‌ဟောင်း အရှေ့ဘက်မြို့ရိုးရှိ အင်းဝတံခါး ဝဲ၊ယာ ကျုံးနှင့် မြို့ရိုးတူးဖော်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟံသာဝတီမြို့‌ဟောင်း အနောက်ဘက် မြို့ရိုးရှိ သိန္နီတံခါး ဝဲ၊ယာ မြို့ရိုးနှင့် ကျုံး ဖော်ထုတ်ထိန်းသိမ်းထားမှုများ၊ အများပြည်သူ လေ့လာ ကြည့်ရှု အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖော်ထုတ်ထိန်းသိမ်းထားရှိမှု များအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် နှင့် သန့်ရှင်းသာယာလှပရေး များကိုလည်း အမြဲမပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။