ပြည်ထောင်စုဝန်ကြီးများ  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှေးဟောင်းရေစီးလမ်းကြောင်းများ  ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တို့သည် မန္တလေးတိုင်း ဒေသကြီးပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများ အခြေအနေများနှင့်ပတ်သက်သည့် အစည်းအဝေးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့ ၁၂:၃၀ နာရီတွင် ကျင်းပသည်။

            အဆိုပါ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့်ဌာန အကြီးအကဲများ တက်ရောက်ကြသည်။

            အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် မေလ ခရီးစဉ်လမ်းညွှန်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလွှမ်းမိုးမှု မရှိစေရေးအတွက် ရှေးခေတ်ရေလမ်း ကြောင်းတို့ကို ထိန်းသိမ်းပြုပြင်၍  ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်များ သဘာဝဘေးဒဏ်ကြောင့် မပျက်စီးအောင်အဓိက ရည်ရွယ်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း၊ မိုခါမုန်တိုင်း ဖြစ်ခဲ့မှုအပေါ်မူတည်ပြီး ရေလမ်းကြောင်းများကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလယ် ရေလမ်းကြောင်း (၁) ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူမှာဖြစ်ကြောင်း၊ မြကန်ဘက်မှကြည့်လျင် ညာဘက်ရှိ ရေလမ်း ကြောင်း(၂)ကို နယ်စပ်ရေးရာဝန်ကြီး ဌာနက ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဘယ်ဘက်ခြမ်းရှိ ရေလမ်းကြောင်း(၃)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်မှာဖြစ်ကြောင်း၊ မိုးမကျမီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုပါကြောင်း၊ ရေလမ်းကြောင်းများကို ဧရာဝတီမြစ်ဘက်မှစတင်၍ ဦးစားပေးရှင်းလင်းရန် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ရေလမ်းကြောင်း ၃ ခုနှင့် ချိတ်ဆက်နေသည့် ကန်များကို ဦးစားပေး ပြုပြင်မွမ်းမံရမှာဖြစ်ကြောင်း ၊ ချိတ်ဆက်မှုမရှိသော ရေကန်များအနက် ဒေသခံ ပြည်သူလူထုကို အကျိုးပြုသည့်ကန်များကို ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခုဆောင်ရွက်ချက်များသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက် သမိုင်းမှတ်တမ်းဝင်မည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ရန်နှင့် အများပြည်သူအတွက် အကျိုးရှိအောင် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထား လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ၂၀၂၁ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကြောင့် ရှေးဟောင်းအဆောက်အအုံများ၏ ပရိဝုဏ်အတွင်းနှင့် ပတ်ဝန်းကျင် တို့တွင် ရေကြီးရေလျှံမှုများ၊ ရေဝပ်မှုများနှင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၆ ခုနှစ်က စတင်၍ ကျောက်စာ မှတ်တမ်း အထောက်အထားများနှင့် မြေပြင်ပထဝီဝင်အနေအထားများကို အခြေခံ၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်နှင့် ရှေးခေတ်ရေလမ်းကြောင်းများကို ကွင်းဆင်း မှတ်တမ်းစာရင်း ကောက်ယူကြောင်း၊ မြကန်တည်ရှိသည့် တုရင်တောင်၏ အရှေ့နှင့် အနောက်တို့မှ မြေနိမ့်သည့် မြောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ စီးဆင်းသွားသည့် ရှေးခေတ်ကတည်းက စီးဆင်းသည့် အဓိကရေလမ်းကြောင်း ခု တွေ့ရှိစာရင်း မှတ်တမ်းတင်ခဲ့ပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ (၂၄.၅.၂၀၂၄) ရက်နေ့မှ (၂၆.၅.၂၀၂၄) ရက်နေ့အထိ ပုဂံဒေသသို့ လာရောက်သည့် ခရီးစဉ်တွင်လည်း “မြကန်အနီး တုရင်တောင်ကြော အပါအဝင် စိမ်းလန်းစိုပြည်စေရန် အတွက် သစ်တောဖြစ်အောင် စိုက်ရမည့်နေရာကို ရှေးဟောင်းနေရာနှင့် ကင်းလွတ်ပြီး ရှိသင့်သည့် နေရာများကို ရှာဖွေလျာထား၍ ဆောင်ရွက်ရန်၊ ဒေသမျိုးရင်းများဖြင့် သစ်ပင်/အရိပ်ရအောင် ဆောင်ရွက်ပေးရန်၊” လမ်းညွှန်မှာကြားခဲ့သည့်အတွက် တူးဖော်ဆယ်ယူပြီး ရေကန်များဘေး ပတ်လည်တွင်လည်း ပုဂံဒေသ မျိုးရင်းအပင်များဖြစ်သော ထန်း၊ မကျည်း၊ တမာ၊ ထနောင်းပင် များကိုစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ပုဂံဒေသရှိ ကျေးရွာများတွင် ဒေသခံပြည်သူများ အခက်အခဲ ဖြစ်နေသော သောက်ရေသုံးရေ၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးရေများ သိုလှောင်အသုံးပြု နိုင်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေရေးပါ ဆောင်ရွက်ပေးရန်နှင့် ရေရှည်အတွက်ပါ ဆက်လက်ထိန်းသိမ်းရေး စီမံပေးရန်အတွက် ဝိုင်းဝန်းကူညီအားဖြည့်ပေးစေလိုပါကြောင်း၊ ရေလမ်းကြောင်း ၃ ခု၏ Detail Topo Map ထုတ်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကူညီ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါကြောင်း၊ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည့် အတွက် ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့် အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သာမန် ရေကန် ဆယ်ခြင်းနှင့် ရေစီးရေလာကောင်းအောင် သဘာဝအကွေးအကောက်၊ချောင်းရိုး၊ ရေစီးကြောင်း များအတိုင်း ချဲ့ထွင်ခြင်းများကိုသာ ဆောင်ရွက်ရသည့်အတွက်လည်း တတ်အားသရွေ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပါသည်။

  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် မိမိတို့ဝန်ကြီးဌာနကို သတ်မှတ်ပေးထားသော ကန်တူးဖော်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ရေလမ်းကြောင်းဆောင်ရွက်ခြင်းကိစ္စများကို  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ် ထားသော Guideline နှင့်အညီ  ဆောင်ရွက်လျက်ရှိကြောင်း၊ မြကန်အား ရေဝင်အားကောင်းစေရန် ရေထိန်းသိမ်းမှု အပြည့်အဝရစေရန် အဓိကဆောင်ရွက်လျက်ရှိကြောင်း ရေလမ်းကြောင်း()ကို တာဝန်ယူရန် မူလကပင်သတ်မှတ်ထားရှိကြောင်း ကျန်ရေလမ်းကြောင်း () နှင့် ()ကို ဝန်ကြီးဌာန ၂ခုက ဆောင်ရွက်ရာတွင် နည်းပညာပိုင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနက အနီးကပ်အကြံပေး၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဧရာဝတီမြစ် ချောင်းဆုံ၊ ရေလမ်းကြောင်း ဆုံများမှာ ရှိသည့် သောင်ထွန်းအခြေအနေများကိုလည်းကြိုတင်လေ့လာ ကြည့်ရှုရမှာဖြစ်ကြောင်း၊ စက်ယန္တရားဖြင့် လုပ်ဆောင်ရာတွင် ရှေးဟောင်းဆိုင်ရာ ကန့်သတ်မှုများကို ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနဘက်မှ အသေးစိတ် အကြံပြုဆွေးနွေးရန် လိုအပ်ပါကြောင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

၎င်းနောက်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ  ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ  ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများ နှင့်ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။