ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနနှင့် အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် ဖွင့်လှစ်သည့် ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၇) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၃-၆-၂၀၂၄)ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ယဉ်ကျေးမှု) ဦးလှိုင်ဝင်းမောင်၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်နှင့် ဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်း တက်ရောက်မည့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက သင်တန်းအဖွင့်အမှာစကားကို ပြောကြားခဲ့ပြီး သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခြင်း နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။